နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ဒီဇင်ဘာလ   ၆  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ 
   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နောက်ထပ် ၅ နှစ် စီမံကိန်း ဆက်လက် ဆောင်ရွက် နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးသို့ စီမံကိန်းလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးကြောင်း အထောက်အထား စာရွက်စာတမ်း များနှင့် မှတ်တမ်းတင်ဓာတ်ပုံများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အမှတ်တရလက်ဆောင်များ အပြန် အလှန် ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
   အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှု စာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင်  စတင်လက်မှတ်ရေးထိုးခဲ့ပြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများ ဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်း များ တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ ၅ သန်းနှုန်းဖြင့်  ၅ ကြိမ်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ  ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ပဉ္စမအကြိမ် စီမံကိန်း လုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့အကြား ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတ နိုင်ငံ၏ အကူအညီ ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ သန်းဖြင့် ၅ နှစ်ကာလအတွက် အမေရိကန် ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) အသစ်အား လက်မှတ်ရေးထိုးနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိပါသည်။
 

Post Paragraph
video-upload