နေပြည်တော် ဇူလိုင် ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ပူးပေါင်း၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများအား အမေရိကန်ဒေါ်လာ (၅.၅) သန်းသို့ ပြောင်းလဲ၍ (၂၇-၁၂-၂၀၁၇) ရက်နေ့ထိ သက်တမ်းတိုးမြှင့်ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့ နံနက် (၁၀) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆွစ်ဇာလန်နိုင်ငံ သံရုံးမှ Charge d’ Affaires and Head of Cooperation ဖြစ်သူ Mr. Peter Tschumi မှ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှစတင်၍ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်၊ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့နယ်များ၌ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ ဆောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထောက်ပံ့ခြင်းလုပ်ငန်းများအား အမေရိကန်ဒေါ်လာ (၅.၅) သန်းသို့ ပြောင်းလဲပြီး စီမံကိန်းလုပ်ငန်းများအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ သက်တမ်းတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဖိတ်ကြားထားသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။