နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Luxembourg Agency For Development Cooperation၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA) နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ ဧည့်ကြိုသင်တန်း၊ အိမ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများဖွင့်ပွဲအား ယနေ့နံနက် (၉:၃၀) အချိန်တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ) ၌ ဖွင့်လှစ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ ပညာရေး နှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့သည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ တည်ငြိမ်အေး ချမ်းမှု (Peace and Stability) ရရှိရေးသည် အဓိကအရေးကြီးဆုံးအချက်အဖြစ် ခံယူပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးတို့ကို အထူးအလေးထားလျက် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ နယ်စပ်ဒေသများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များနဲ့ ဘဝရပ်တည်နိုင်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် နယ်စပ်ဒေသ အသီးသီးမှာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (၉) ကျောင်းဖွင့်လှစ်ပြီး လက်သမား၊ ပန်းရံ၊ သံချည်သံကွေး သင်တန်း၊ လျှပ်စစ်ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ စက်ပြင်သင်တန်း၊ လက်ကိုင်တယ်လီဖုန်းပြုပြင်ခြင်းသင်တန်း စသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးငယ် များအတွက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၃) ကျောင်း ဖွင့်လှစ်ပြီး သက်မွေးပညာရပ်များဖြစ်တဲ့ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ် သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ ကနုကမာကျောက်စီ ပန်းချီသင်တန်း၊ အိမ်တွင်းမှု လက်မှုကြိမ်/ဝါးသင်တန်း၊ ဟင်းလျာချက်ပြုတ် နည်းသင်တန်းတို့ကို သင်ကြားပေးလျက်ရှိသလို အိမ်တွင်းမှုသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိတဲ့ဒေသများမှာ Mobile သင်တန်းများကိုလည်း ဒေသရဲ့လိုအပ်ချက်အရ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းသည်လည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတာကို တွေရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေတဲ့ နယ်မြေများမှာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာသည့်နည်းတူ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းက ဖော်ဆောင်ပေးနေတာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် သင်တန်းသူများအနေဖြင့် သင်ကြားပေးသော သင်ခန်းစာများကို ကြိုးကြိုးစားစားသင်ယူကြရန်၊ ပညာသင်ကြားစဉ်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချကြရန်၊ သင်တန်းသူအချင်းချင်းကြား စည်းလုံးညီညွတ်မှုစွာဖြင့် ကူညီရိုင်းပင်းကြရန်၊ သင်တန်းက သတ်မှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာကြရန်၊ သင်တန်းကရရှိတဲ့ သက်မွေး ဝမ်းကြောင်းပညာတွေနဲ့ ဗဟုသုတများကို လက်တွေ့နယ်ပယ်မှာ အကျိုးရှိရှိအသုံးချရင်း အနာဂတ် ဘဝတွေ သာယာလှပစေဖို့အတွက် အပင်ပန်းခံကြိုးစားသင်ယူရမယ်ဆိုတာကို နှလုံးသွင်းပြီးသင်ယူ ကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း၊ သင်တန်းသူ စဉ်ဆက်မပြတ်ရရှိရေး၊ သင်တန်းရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မှ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ် ပေးသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၌ ထူးချွန်သည့် သင်တန်းသူများကို နိုင်ငံခြား ဟိုတယ်ဝန်ဆောင်မှုသင်တန်းများသို့ ဆက်လက် စေလွှတ်သင်ယူစေမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းဆင်းများကိုလည်း လုပ်ငန်းခွင်သို့ တစ်ပါတည်း ခန့်အပ်ပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်စဉ် မိမိဝါသနာပါသည့် နိုင်ငံခြားဘာသာစကားများ ကိုလည်း ပြောဆိုနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုလို ဟိုတယ်ဝန်ဆောင်မှုသင်တန်းများကို အခြားပြည်နယ်/တိုင်းဒေသကြီးများ၌လည်း ဆက်လက် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်းရှိ စားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ပေးခဲ့သည့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ) မှ သင်တန်းသူ (၇၅) ဦး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်) မှ သင်တန်းသူ (၇၅) ဦး၊ စုစုပေါင်း (၁၅၀) ဦး တို့အား ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စာတွေ့ (၃) လနှင့် လက်တွေ့ (၃) လ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပခုက္ကူ) သို့ သွားရောက်ခဲ့ပြီး ကျောင်းအုပ်၊ နည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။