နေပြည်တော်၊ ဒီဇင်ဘာလ ၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဂျပန်နိုင်ငံအစိုးရမှ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သို့ မြန်မာနိုင်ငံ၏ Food Assistance Programme အနေဖြင့် ကူညီထောက်ပံ့ ပေးမှုဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအား ယနေ့နံနက် (၁၁) နာရီအချိန်တွင် နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊ (WFP) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Naoe YAKIYA နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI မှ ကူညီထောက်ပံ့ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယဌာနေ ကိုယ်စားလှယ်တို့မှ ကူညီထောက်ပံ့ပေးမှုဆိုင်ရာ သဘောတူစာချုပ်၌ လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး (WFP) ၏ ဒုတိယဌာနေကိုယ်စားလှယ်မှ စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ကျေးဇူးတင်စကား ပြောကြားရာတွင် ဂျပန်နိုင်ငံအစိုးရအနေဖြင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ကျောင်းနေအရွယ်ကလေးငယ်များ၊ HIV/TB ဝေဒနာရှင်များ၊ ပြည်သူလူထုအတွက် တတ်စွမ်းသရွေ့ ကူညဆောင်ရွက်ပေးနေသူများ၊ စားနပ် ရိက္ခာနှင့် အာဟာရလိုအပ်လျက်ရှိသော ဒေသခံပြည်သူလူထုများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နယ်ပယ်များတွင် အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနေသူများအတွက် စားနပ်ရိက္ခာနှင့် အာဟာရ ထောက်ပံ့ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP) သို့ ဂျပန်ယန်း (၃၀၀,၀၀၀,၀၀၀) နှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၂. ၉) သန်းအား ဂျပန်နိုင်ငံမှ ထောက်ပံ့ကူညီပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နားလည်မှု၊ ကိုယ်ချင်းစာနာမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံအစိုးရနှင့် စီမံကိန်းများကို ပူးပေါင်းဆောင်ရွက်သွားမည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့အား အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Naoe YAKIYA နှင့်တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် WFP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စ ရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။