နေပြည်တော် ဖေဖော်ဝါရီလ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Swiss Agency for Development and Cooperation -SDC) တို့အကြား နားလည်မှုစာချွန်လွှာ ဒုတိယအကြိမ်ပြင်ဆင်ချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့ နံနက် (၁၀:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်မှ အမှာစကားပြောကြားပြီး Swiss Agency for Development and Cooperation –SDC မှ Head of Cooperation ဖြစ်သူ Mr.Markus Buerli မှ နားလည်မှု စာချွန်လွှာ ဒုတိယအကြိမ် ပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် Swiss Agency for Development and Cooperation -SDC မှ Head of Cooperation ဖြစ်သူ Mr.Markus Buerli တို့မှ နားလည်မှုစာချွန်လွှာ ဒုတိယအကြိမ် ပြင်ဆင်ချက်အား လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Swiss Agency for Development and Cooperation –SDC တို့အကြား ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အဦလုပ်ငန်းများအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ယခု လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာ ဒုတိယအကြိမ် ပြင်ဆင်ချက်အနေဖြင့် စီမံကိန်းရန်ပုံငွေအား အမေရိကန်ဒေါ်လာ (၅.၅) သန်းမှ အမေရိကန်ဒေါ်လာ (၆.၄) သန်းသို့ တိုးမြှင့်၍ (၂၇-၁၂-၂၀၁၈) ရက်နေ့အထိ သက်တမ်းတိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် Swiss Agency for Development and Cooperation –SDC မှ Head of Cooperation ဖြစ်သူ Mr.Markus Buerli နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။