
အောက်တိုဘာလ၊ (၂၀) ရက်
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများသည် ယနေ့နံနက်၁၁နာရီတွင် မောင်တောမြို့နယ် ကျီးကန်းပြင် ကွပ်ကဲမှုဌာနချုပ် အနီးရှိ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများနှင့် ဆက်နွှယ်နေသည့် ကျေးရွာများသို့ သွားရောက်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ နယ်မြေရှင်းလင်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် တောင်ပြို လက်ဝဲမြို့တွင် တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေ တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေသည့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် က တပ်မတော်၊ နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကြက်ရိုးပြင်ကျေးရွာအား ရဟတ်ယာဉ်ဖြင့် ကြည့်ရှု လေ့လာကြသည်။
အောက်တိုဘာ ၁၁ ရက် မွန်းလွဲ (၂)နာရီခွဲက မောင်တောမြို့နယ်ရှိ အဆိုပါ ကြက်ရိုးပြင်ကျေးရွာ၏မြောက်ဘက် ပြောင်ပိုက်ကျေးရွာတစ်ဝိုက်၌ နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေသည့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲပူးပေါင်းအဖွဲ့အား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၃၀ ဦးခန့်မှ စတင်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ကြက်ရိုးပြင် ကျေးရွာဖက်သို့ ဆုတ်ခွာထွက်ပြေးသွားသဖြင့် ဆက်လက်နယ်မြေ ရှင်းလင်းခဲ့ရာ အောက်တိုဘာ ၁၂ ရက် နံနက်(၇)နာရီတွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက ကျေးရွာအတွင်းမှ စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရာ တစ်လုံးထိုး သေနတ်တစ်လက်နှင့် အကြမ်းဖက်သမား ၁၀ ဦးတို့အား အသေဖမ်းဆီးရရှိခဲ့ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ သည် ကျေးရွာ အတွင်းရှိ လူနေအိမ်စု တစ်ချို့ကို မီးရှို့ဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများက ကူညီစောင့်ရှောက်ထားသည် ကြောက်ရွံ့ထိတ်လန့် မှုကြောင့် နေရပ် ခေတ္တစွန့်ခွာ လာသူများအား သွားရောက် တွေ့ဆုံအားပေး စကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆန်နှင့်ရိက္ခာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့ ရှိ အေးစေတီ ကျောင်းသို့ သွားရောက်ပြီး ဆရာတော်များထံမှ သြဝါဒခံယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။