ဒီဇင်ဘာလ ၁၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စု၊ နားကုန်းကျေးရွာ၊ နားကုန်းဘုန်းကြီးကျောင်း ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိခဲ့ရာ ဒေသခံပြည်သူ များမှ ကြိုဆိုခဲ့ကြပါသည်။
ရှေးဦးစွာ ရှမ်းသက္ကရာဇ် ၂၁၁၈ ခု နှစ်သစ်ကူးပွဲတော်ကြိုဆိုပွဲအား ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် ဟိုမိန်း ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးမဟာဂျာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အလားတူ စိတ္တသုခသုံးထပ် ကျောင်းဆောင်သစ်ကိုလည်း ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာများ ပက်ဖျန်း၍ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ရင်းနှီးခင်မင်စွာ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် စိတ္တသုခသုံးထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ၊ ရှမ်းသက္ကရာဇ်၂၁၁၈ ခု နှစ်သစ်ကူး ပွဲတော် ကြိုဆိုပွဲ၊ (၂၃) ကြိမ်မြောက် ဓမ္မစကူးလ် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားများအား ဆက်လက်ကျင်းပရာ လင်းခေးမြို့၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ က သြဝါဒစကားမိန့်ကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ မှ အမှာစကားများအသီးသီး ပြောကြားခဲ့ကြပါသည်။
အခမ်းအနားတွင် သာသနာလင်္ကာရဘွဲ့ရ အရှင်ကုသလာလင်္ကာရအား ပြည်နယ်ဝန်ကြီးချုပ်မှ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့မှ သင်တန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ လင်းခေးမြို့နယ်၊ ဝမ်တိန်းကျေးရွာ၊ နမ့်တိန်းချောင်း Solar စနစ်ဖြင့် ချောင်းရေ တင် စိုက်ပျိုးရေး Pilot Project လုပ်ငန်းဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများအား ယခုဆောင်းရာသီအမီ သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်သွားကြရန်မှာ ကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ နမ့်တွန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်ပေး မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် လင်းခေးမြို့အနီး တည်ဆောက်ဆဲ နမ့်တိန်းချောင်းကူး ၂၅၀ ပေ ဘေလီတံတား အား ကြည့်ရှုစစ်ဆေး၍ တံတား အမြန် ပြီးစီးရေးအတွက် ပြည်ထောင်စု/ ပြည်နယ် ပူးပေါင်း၍ ဆောင်ရွက်သွားရမည့် လုပ်ငန်းများအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါတံတား ပြီးစီးပါက နမ့်တိန်းချောင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာ ၁၄ ရွာ၏ စိုက်ပျိုး မြေဧက ၃,၀၀၀ ကျော်မှ ထွက်ရှိသည့် စိုက်ပျိုးသီးနှံများအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းချ သွားနိုင်မည်ဖြစ်ပါသည်။
ထို့နောက် နမ့်တိန်းချောင်း အရှေ့ဘက်ကမ်းရှိ ဟိုတင့်- နမ့်အွန်ကျေးရွာချင်းဆက် ၂/၄ မိုင် မြေလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စု/ ပြည်နယ် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ လင်းခေးမြို့နယ်၊ နောင်လုံအုပ်စု၊ ဒါးဆိပ်- နောင်လုံ- ပန်ကျင်- ဝမ်စစ်- ဟိုက်ကွေ့ လမ်းမကြီးမှ ပန်ကျင်- ဟတ်မိုင်-နောင်ခေါက် ကျေးရွာသွားလမ်း ၁/၃ မိုင် အပြီးသတ် ကျောက်ခင်း ခြင်းနှင့် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက လမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ တောင်းဆိုချက်များ အရ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက လင်းခေးခရိုင်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်- ဝမ်ပိန်း ၃/၃ မိုင် ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး တို့က အဆိုပါ လမ်းပိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လွိုင်လင်မြို့သို့ ဆက်လက် ဖောက်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တွေ့ဆုံ အမှာစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက် ရန်လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ပင်လုံမြို့ကျက်သရေဆောင် မဟာရဋ္ဌာဘိသာမဂ္ဂီ ရွှေတိဂုံပုံတူစေတီတော်ရင်ပြင် ကျောက်ပြားအသစ်လဲလှယ်ခြင်း၊ စေတီတော်လှိုဏ်ဂူအတွင်း အမိုးမျက်နှာကျက်ဆေးသုတ်ခြင်း၊ မီးတပ် ဆင်ခြင်း၊ ရက္ခိတဗိမာန်တော်လျှောက်လမ်း မျက်နှာကျက်တပ်ဆင်ခြင်းနှင့် မီးတပ်ဆင်ခြင်း လုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများအား ရှင်းလင်းမှာ ကြားခဲ့ပါသည်။
ဆက်လက်၍ လွိုင်လင်မြို့နယ်၊ လွိုင်လင်- ပင်လုံ- လဲချား- ပြည်ထောင်စုလမ်းမကြီးမှ သဘာဝ တရားရိပ်သာ ပရဟိတသီလရှင်ကျောင်းတိုက် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ထပ်မံဆောင်ရွက်ပေးရန် လိုအပ်သည်များအား မှာကြားခဲ့ပါသည်။
၎င်းနောက် မိုင်းပွန်မြို့အနီး Solar စနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေး Pilot Project လုပ်ငန်း ၂ ခု ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း မိုးသီးနှံ၊ ဆောင်းသီးနှံများသီးထပ် စိုက်ပျိုးခြင်းကြောင့် ဝင်ငွေတိုးပွားလာသည့်အတွက် တောင်သူများကဆက်လက်ပြီးဆောင်ရွက်ပေးရန် တောင်းဆိုလာသည့် ချောင်းရေတင်စိုက်ပျိုးရေး Pilot Project လုပ်ငန်း ၂ ခု အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး တို့သည် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ သီးထပ်စိုက်ပျိုးရန်အတွက် စပါးမျိုးစေ့၊ ဂျုံမျိုးစေ့၊ ပဲပုတ် မျိုးစေ့များအားပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။