ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ယခင်ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် ဇူလိုင်လ ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ယခင် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် Mr. Jordan Ryan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ နေ့လည် (၁၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO/INGO များနှင့်ပူးပေါင်းပြီး နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မှုများနှင့် လက်ရှိအစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီစနစ် ဆက်လက်အကောင်အထည် ဖော်ရေးစသည့် မူဝါဒ (၅) ရပ် ချမှတ်၍ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုအခြေအနေများ၊ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းနေမှု အခြေအနေများ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းနေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူ ဖြစ်စေနိုင်သည့် နယ်စပ်ရေးရေးရာ ဝန်ကြီးဌာန၏ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ရည်ရွယ်၍ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှု၊ လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို DDR (Disarmament, Demobilization and Reconciliation) လုပ်ငန်းစဉ်တွင် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာမှ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
        အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အလားတူ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပထမရက် (၁၀၀) စီမံချက်တွင် လုပ်ငန်းစဉ် (၉) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်များ အနက် တစ်ခုအပါအဝင်ဖြစ်သည့် ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး သင်တန်းများပို့ချခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သည့် အဆင့်မြင့် အရာထမ်းများအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းနှင့် အရာထမ်းငယ်များအတွက် ဘာသာပြန်သင်တန်းဆင်းပွဲကို ဇူလိုင်လ (၂၂) ရက် နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက် အမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး အဆင့်မြင့် အရာထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှု မြှင့်တင်ခြင်း သင်တန်းဆင်းလက်မှတ်မျာကို သင်တန်းသား ကိုယ်စားလှယ် တစ်ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ ဘာသာပြန်သင်တန်း သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားကိုယ်စားလှယ် တစ်ဦးအားလည်းကောင်း ချီးမြှင့် ပေးအပ်သည်။
ထို့နောက် အဆင့်မြင့်အရာထမ်း သင်တန်းသားတစ်ဦးနှင့် ဘာသာပြန်သင်တန်းသား အရာထမ်း ငယ်တစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ သင်တန်းပို့ချပေးခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းတို့မှ  အင်္ဂလိပ်စာဌာန၊ ပါမောက္ခ (၂) ဦးတို့အား ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်သည်။
ယင်းနောက် သင်တန်းသားသင်တန်းသူများမှ အင်္ဂလိပ်စာစွမ်းရည်ဖော်ထုတ်ပြသ ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph