ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မောင်တောနယ်စပ် ချဉ်းကပ်လမ်း၊ တံတားများနှင့် နယ်စပ်ကျေးလက်လမ်းများ ပြန်လည်ပြုပြင်တည်ဆောက်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှု

စစ်တွေ စက်တင်ဘာ ၁၃
     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် မောင်တောဒေသ နယ်စပ်ခြံစည်းရိုး ချဉ်းကပ်လမ်း ဖြစ်သော တောင်ဘဇာ-ပီရွက်- ဆင်ဖြူတောင်-လောင်းချောင်း-ဝါးနက်ရုံ လမ်းပိုင်းနှင့် တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် တပ်မတော်ရဟတ်ယာဉ်ဖြင့် မြေပြင် ကွင်းဆင်း ကြည့်ရှုသည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါလမ်းပိုင်းများအား မြေပြင်ကွင်းဆင်းကြည့်ရှုစဉ် ဘူးသီးတောင်မြို့နယ် ခမောင်းချောင်းကျေးရွာ အုပ်စုခမီလူမျိုးများနေထိုင်သော ဆင်ဖြူတောင် ကျေးရွာသို့ ရောက်ရှိပြီး  ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာသော တိုင်းရင်းသားများအား အားပေး နှစ်သိမ့်စကားပြောကြားပြီး ကျန်းမာရေး အထောက် အကူပြု ဆေးဝါးများနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးသည်။ ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တည်ဆောက်ပေးခဲ့သော မြိုတိုင်းရင်းသားအများစုနေထိုင်ရာ ဝါးနက်ရုံ ကျေးရွာသို့ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား များအတွက် လိုအပ်သော ဆေးဝါး များနှင့် စားနပ်ရိက္ခာ များ ကူညီထောက်ပံ့ပေးကာ အဆိုပါကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစာရိန္ဒအား ဝါဆို သင်္ကန်းနှင့် နဝကမ္မအလှူငွေများလှူဒါန်းခဲ့သည်။
     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့ပေါ်ရှိ မြို့မကျောင်းတိုက်သို့ သွားရောက်၍ တောင်ပြိုလက်ဝဲမြို့နယ် နံ့သာတောင်ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းမှ ခေတ္တနေရပ်စွန့်ခွာလာသော ကျောင်းသားကျောင်းသူများအား တွေ့ဆုံပြီး ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးပြီး ကျောင်းဆရာများ၏ လိုအပ်မှုများအပေါ် စီစဉ်ဖြည့်ဆည်းပေးသည်။

     ယင်းနောက် မောင်တောမြို့ ကညင်တန်းရပ်ကွက်နှင့် ညောင်ချောင်းကျေးရွာတို့၌ နေထိုင်သော အစ္စလာမ်ဘာသာဝင်များအား တွေ့ဆုံကာ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ ပုံမှန်နေထိုင်စားသောက်ရေး၊ အရောင်းအဝယ်နှင့် စျေးဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရေး၊ ဥပဒေနှင့် အညီ နေထိုင်ရေးတို့အပြင် ဥပဒေမဲ့အကြမ်းဖက်လုပ်ဆောင်သူ အနည်းစုကြောင့် ကောင်းမွန်စွာလုပ်ကိုင်စားသောက်သော ပြည်သူအများစု ယခုကဲ့သို့ ဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ယခင်ကဲ့သို့ အေးချမ်းတည်ငြိမ် စွာ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်ကြစေလိုကြောင်း၊ ဥပဒေနှင့်အညီ နေထိုင်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ ပေးခဲ့သည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့ပေါ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကျောင်းတို့ရှိ ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး ယခုကဲ့သို့ ဝန်ထမ်းများအားလုံး မောင်တောဒေသတွင် အပြည့်အဝတာဝန်ထမ်းဆောင်နေသည်ကို တွေ့မြင်ရသည့် အတွက် လေးစားအသိအမှတ်ပြုပြီး ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် လုံခြုံရေးအသိ၊ သတိရှိရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်သည်။