နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Ms. Vanessa Chan သည် ယနေ့ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်လျက်ရှိသော သင်တန်းဆိုင်ရာကိစ္စရပ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။