ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov သည် ယနေ့နေ့လည် (၁၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိ တည်ငြိမ်အေးချမ်းမှုနှင့် နှစ်ဖက်လူ့အဖွဲ့အစည်း အတူ လက်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ထောက်ပံ့နေမှုများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် များစွာအထောက်အကူ ဖြစ်စေနိုင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများအတွက် စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ရည်ရွယ်၍ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ ကူညီပေးနေမှုအခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံ ဆက်လက်ပိုမို ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။