ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား UNHCR မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် UNDP မှ Country Director တို့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန် ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်            Mr. Giuseppe de Vincentiis နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Country Director Mr. Peter Batchelor တို့သည် ယနေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား များ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNHCR, UNDP တို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊  နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေမှုများ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ ဒုက္ခသည်များ ပြန်လည် အပ်နှံရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး၊ ရေရှည် ပဋိပက္ခကင်းဝေးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ (၆-၆-၂၀၁၈) ရက်နေ့ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ UNHCR နှင့် လက်မှတ် ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာပါကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။