
မောင်တော အောက်တိုဘာ ၁၂
စစ်တွေမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ် သန်းထွဋ်၊ ဦးခင်မောင်တင်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန် ရေယာဉ်ဖြင့် ထွက်ခွာရာ ညနေ ၃ နာရီခန့် တွင် ဘူးသီးတောင်မြို့ သို့ရောက်ရှိပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ မောင်တောမြို့သို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့နှင့် အတူ မောင်တော ခရိုင်ရှိ မြို့မိမြို့ဖများ၊ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် မောင်တောမြို့ သီရိရတနာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးသိန်းဆွေ နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် ဆောင် ရွက်နေမှု၊ လိုအပ်သည်ထက် ပိုပြီး စိုးရိမ် ပူပန်ကြောင့်ကျမှု မရှိရေး၊ တရားဝင် ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်လက်ခံကြရန်နှင့် တရားမဝင် ဖြန့်ချိသော သတင်းများကို မယုံကြည်လက်မခံရန်၊ လိုသည်ထက်ပိုမို တုန့်ပြန်ခြင်း မပြုလုပ်ရန်၊ ပြည်ထောင်စု အစိုးရ အဖွဲ့သည် ပြည်သူများနှင့် အတူ ရှိပြီး အဆင့်လိုက် ရေတို၊ ရေလတ်၊ ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ခိုင်မာသည့် အစီအစဉ်များကို ရေးဆွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ရာသီဥတုအခြေအနေအရ စုဖွဲ့ပြင်ဆင်နေမှုကို အသင့်အတင့် အချိန် ယူဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်အပေါ်သင်ခန်းစာယူပြီး ယခုထက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးသွားမည်ဖြစ်ကြောင်း၊ အသက်ဆုံးရှုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ကူညီထောက်ပံ့ပြီး လိုအပ် သည့် အားပေး ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် မောင်တောမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းဖြူက မောင်တောဒေသ၏ တရားဥပဒေစိုးမိုးရေး အားနည်းနေမှုများ၊ ဌာနေ တိုင်းရင်းသားများ၏ စားဝတ်နေရေး ဖြေရှင်းပေးရေးနှင့် အသက်အိုးအိမ် လုံခြုံမှုရှိရေး၊ နိုင်ငံံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လုံခြုံရေးဆိုင်ရာ လိုအပ် သည့်အချက်များကို ဆွေးနွေးတင်ပြသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးက ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ကူညီရေး၊ လုံခြုံရေးအပြည့်အ၀ ဆောင် ရွက်ပေးရေး၊ ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေးအတွက် ကူညီပေးရေး တို့ကို ဆွေးနွေးတင်ပြသည်။
ဒေသခံပြည်သူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်ဦးက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ရေး၊ နယ်မြေ လုံခြုံရေးအတွက် ဆောင်ရွက်လိုသည်များ၊ ယခုကိစ္စသည် ပုန်ကန်မှု ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေး တင်ပြသည်။
ဒေသခံပြည်သူ ဦးထွန်းအေးသိန်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ကိုင်တွယ်ရာတွင် ပြတ်ပြတ်သားသား လုပ်ဆောင်စေလိုမှု၊ တစ်လင်တစ်မယား ဥပဒေကို အပြည့်အ၀ အကောင်အထည်ဖော်စေလိုမှု၊ တည်ငြိမ်မှု မရှိပါက ဒေသမဖွံ့ဖြိုး မတိုးတက်နိုင်မှုတို့ကို ဆွေးနွေးတင်ပြသည်။
ဒေသခံ ဦးထွန်းကိုက လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးစေ လိုမှု နှင့် ပြည်သူ့စစ် ဖွဲ့စည်းပြီး လက်နက်များ တပ်ဆင်ပေးစေလိုမှု တို့ကို ဆွေးနွေးတင်ပြသည်။
ဒေသခံ ဦးညိုက စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးက ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို ကာကွယ်ပေးရန်၊ နယ်မြေလုံခြံရေးနှင့် ကာကွယ်ရေးအတွက် မိမိတို့ မောင်တော ဒေသသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ နယ်မြေအနှံ့ရှိ ဆရာ၊ ဆရာမများအား လုံခြုံသည့်နေရာတွင် စုစည်းထားပြီး ကယ်ဆယ်ရွှေ့ပြောင်းရေး အတွက် ဆောင်ရွက်နေကြောင်း၊ ကျေးရွာနေပြည်သူများ၏ လတ်တလော စားဝတ်နေရေး အခက်အခဲအတွက် တပ်မတော်အကြီးအကဲများထံ တင်ပြပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အရေးသည် မိမိတို့၏ အရေးသာဖြစ်သည်ဟု ခံယူပြီး ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မလိုလားအပ်သည့် ဝါဒဖြန့်ချိမှုများကို မယုံကြည်ရန် နှင့် မိမိတို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တည်ငြိမ်အေးချမ်းရေး အတွက် မြို့ရွာလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ဌာနချုပ်များ လုံခြုံရေး ဆောင် ရွက်ခြင်း၊ တပ်၊ ရဲအင်အားများကို ယခင်ကထက် အင်အားပိုမို ဖြည့် တင်းခြင်း ဆောင်ရွက်နေကြောင်း၊ အင်အားတိုးဖြည့်တင်းရာတွင် ရဟတ်ယာဉ်များ ကိုပါ အသုံးပြုပြီး ရွှေ့ပြောင်းဆောင်ရွက်နေကြောင်း။
ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မသွားစေရန် ကျေးရွာအဆင့်ထိ လမ်း ကြောင်း လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေကြောင်း၊ ဝန်ထမ်းများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးထားကြောင်း၊ ဝေးလံသော ဒေသရှိ ဝန်ထမ်းများကို လုံခြုံရေးရှိသည့် နေရာသို့ စုစည်းထားကြောင်း၊ ရာသီဥတုကောင်းမွန်ပါက ၎င်းတို့အား ရဟတ်ယာဉ်များဖြင့် သယ်ယူရွေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ပါဆုံးသွားသည့် လက်နက်များ ပြန်လည်ရှာဖွေခြင်း၊ သိုဝှက်ထားသည့် လက်နက်များ ဖော်ထုတ် သိမ်းဆည်းခြင်း ဆောင်ရွက်နေကြောင်း၊ အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများအား ဆက်လက်ဖမ်းဆီး ရမိကြောင်း၊ မိမိအနေဖြင့် ကျီးကန်းပြင်တွင် အခြေပြုပြီး အလားတူ ထပ်မံမဖြစ်ပေါ်စေရန် လေ့လာသုံးသပ် ပြုပြင်ဆောင် ရွက် နေကြောင်း ဆွေးနွေးပြောကြားသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ်ဖွဲ့စည်းရေး၊ လက်နက် တပ်ဆင် ရေးမှာ မူဝါဒဆိုင်ရာ လုပ်ငန်းဖြစ်သည့် အတွက် ဆက်လက် တင်ပြ ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် ဒေသန္တရ ရဲတပ်ဖွဲ့ဝင်များ အား ဖိတ်ခေါ်ဖွဲ့စည်းနေသည်ဟု သိရှိရသည့်အတွက် စိတ်ဝင်စားပါက ဒေသန္တရ ရဲတပ်ဖွဲ့သို့ ဝင်ရောက် နိုင်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က မိမိတို့ ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး အတိုင်းအတာ တစ်ခုအထိ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ကွင်းဆင်း ထိတွေ့ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း၊ မောင်တော တွင် ၇ ဖွဲ့၊ ဘူးသီးတောင်တွင် ၅ ဖွဲ့ ဖွဲ့စည်းထားရှိကြောင်း၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးအောင်၊ သတင်းအချက်အလက် အမှန်ရရှိအောင် စုစည်းထားခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်လာသည် ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ဝေးလံသော ဒေသရှိ အခက်အခဲရှိနေသော ဆရာ၊ ဆရာမများကိစ္စကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ မောင်တောဒေသတွင် ဆရာ၊ ဆရာမ ၂၈၈ ဦးရှိပြီး ဝေး လံသော ဒေသရောက်ရှိနေသည့် ဆရာ၊ ဆရာမများကို လုံခြုံ စိတ်ချ ရသော ဒေသတွင် စုစည်းထားရှိပြီး ဖြစ်ကြောင်း၊ စုရပ်အသီးသီးတွင် လုံခြုံစိတ်ချစွာ ရှိနေပါ ကြောင်း၊ နေရပ်သို့ ပြန်သွားသည့် ဆရာ၊ ဆရာမ ၁၀၄ ဦးရှိပါကြောင်း၊ ဆရာ၊ ဆရာမ များကိုသာမက ကျန်းမာရေးဝန်ထမ်းများကိုလည်း လုံခြုံစိတ်ချရရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဆွေးနွေးသည်။
ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက မောင်တောဒေသရှိ တိုင်းရင်း သားကျေးရွာ ၃၅ ရွာ သို့ဆန်အိပ် ၉၀၀၊ ဆီ ပိသာ ၂၀၀ ကို ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း၊ ကျဆုံးရဲတပ်ဖွဲ့ဝင် ကိုးဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်း၊ ဒဏ်ရာ ရ တပ်ဖွဲ့ဝင် ငါးဦးအား တစ်ဦးလျှင် ငါးသိန်းနှုန်း ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၉၀ဦးနှင့် ဝေးလံသော ဒေသတွင် ၁၆ ဦးရှိပြီး ၎င်းတို့အား လုံခြုံသော နေရာတွင် စုစည်းထားပြီးဖြစ် ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က တက်ရောက် လာကြသူများက ပြည့်ပြည့်စုံစုံ အကြံပြု တင်ပြသကဲ့သို့ ပြန်လည် ရှင်းလင်းကြသူများကလည်း ပြည့်ပြည့်စုံစုံ ရှင်းပြသဖြင့် မိမိတို့လာရောက်သည့် ရည်ရွယ်ချက်အတိုင်း လုံခြုံအေးချမ်းရေးနှင့် ပြည်သူများ စိတ်ချမ်းသာရေး၊ စိုးရိမ်သောက ဖြေလျော့ရေးမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည်ဟု ထင်ပါကြောင်း၊ ဆွေးနွေးသည့်အထဲတွင် လတ်တလော ဖြေရှင်းရမည့် အချက်များ ပါဝင်သကဲ့သို့ ရေရှည်ဖြေရှင်းရမည့်အချက်များလည်း ပါဝင်ပါကြောင်း၊ အသေးစိတ် ဆောင်ရွက်ရမည့်ကိစ္စများကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး တစ်နေ့ထက်တစ်နေ့ တည်ငြိမ်အေးချမ်းသွားမည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားပါက အောင်မြင်မည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
