
စစ်တွေ အောက်တိုဘာ ၂၁
ဘူးသီးတောင် မောင်တောမြို့နယ် တို့မှ ကြောက်ရွံ့ထိတ် လန့်မှုကြောင့် နေရပ် ခေတ္တ စွန့်ခွာလာသူများအား နေရပ်ပြန်နိုင်ရေးနှင့် သက် ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကူညီပေးမည့် အစီအစဉ်များ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ ဧည့်ဂေဟာ အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦး က နယ်မြေအေးချမ်း တည်ငြိမ်လာပြီ ဖြစ်သည့်အပြင် သီတင်းကျွတ် ကျောင်း ပိတ်ကာလ ပြီးဆုံးသည့် အောက်တိုဘာ ၂၄ ရက် တွင် ကျောင်းများပြန် လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ကျောင်းပိတ် ရာသီကာလ တွင်နေရပ် သို့ ခေတ္တ ပြန်လည်သွားရောက်သည့် ဆရာ ဆရာမများကိုလည်း အချိန်မီ ပြန်လည်ခေါ် ယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ကျန်းမာရေးဌာနရှိ ဆရာဝန် ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်း များ က မောင်တော၊ ဘူးသီး တောင်မြို့နယ်များမှ ဒေသခံပြည်သူ များအား ၂၄ နာရီ ပတ်လုံး ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း နှင့် လိုအပ်ပါက ကျန်းမာရေး ဝန်ထမ်း များ ထပ်မံစေလွှတ်ပေးသွား မည်ဖြစ် ကြောင်း ပြောကြား သည်။
စက်မှုလယ်ယာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးပုလဲမောင်က စိုက်ပျိုးရေးဌာနမှလည်း ယခုကာလ သည် စိုက်ပျိုးထားသည့် စပါးများ ရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်သည့် အတွက် လက်တွန်းစပါးရိတ်စက်များ အား ပေးပို့သွားမည့်အပြင် ခေတ်မီ စပါးရိတ်သိမ်းနည်းများကိုပါ ဒေသခံ များအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန အလိုက် မောင်တောနှင့် ဘူးသီးတောင် ဒေသတွင် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း အတွင်း ကြောက်ရွံ့ထိတ် လန့်မှုကြောင့် နေရပ်ခေတ္တစွန့်ခွာလာသူများ ယာယီနေနိုင်ရန်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းအား သွားရောက်၍ ယာယီနေထိုင်စဉ် ကာလတွင်လည်း စားရေးသောက်ရေး မှအစ ကျန်းမာရေးစောင့်ရှောက်မှု အထိ စီစဉ်ဆောင်ရွက်ပေးထား ကြောင်း၊
ယခုအခါ နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် မိမိတို့နေရပ် သို့ ပြန်လည်သွားရောက် မည်ဆိုပါက အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မောင်တောမြို့တွင် ရောက်ရှိနေသည့် ကြောက်ရွံ့ ထိတ် လန့်မှုကြောင့် နေရပ်ခေတ္တ စွန့်ခွာလာသူများသည်လည်း နယ်မြေ တည်ငြိမ်အေး ချမ်းနေပြီ ဖြစ်သည့် အတွက် ၎င်းတို့နေရပ် သို့ပြန်နေပြီဖြစ်ကြောင်း၊ နေရပ်ပြန်လည်နေထိုင်သူ များအတွက်လည်း ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူးစသည့် ရိက္ခာများ ထောက်ပံ့ပေး ခဲ့ကြောင်းပြောကြား ရာ နေရပ်ခေတ္တစွန့်ခွာလာသူ တချို့က လည်း ကျန်ရစ်ခဲ့သည့် အိမ်သား များနှင့် ဖုန်းအဆက်အသွယ်ရရှိပြီဖြစ် ကြောင်း၊ နယ်မြေလည်းတည်ငြိမ် အေးချမ်း လာနေသည်ကို သိရှိပါ ကြောင်း၊ စပါးရိတ်သိမ်းချိန်ကာလ လည်း ရောက် ရှိနေပြီဖြစ်သဖြင့် မကြာခင် မိမိတို့နေရပ်သို့ ပြန်တော့ မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေရပ်ခေတ္တစွန့်ခွာ လာသူများ ယာယီနေထိုင်စဉ်ကာလ တွင်လည်း အဆင်ပြေချောမွေ့စွာ နေနိုင်ရန် ယာယီတဲများဆောက်လုပ် ထားမှု၊ လျှပ်စစ်မီးသွယ်တန်းပေးထား မှု၊ ဝမ်းရောဂါမဖြစ်ပွားစေရန် ရေကန် နှင့် ယင်လုံအိမ်သာများ ဆောက်လုပ် ထားမှုနှင့် နေ့ညမပြတ် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစောင့် ရှောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့က အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် တစိုက်မတ်မတ်ဆောင် ရွက်နေကြောင်း၊ လိုအပ်ချက်များ ကိုလည်း ဖြည့်ဆည်းပေး လျက်ရှိ ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ကို မလိုလားသူများက အဖျက်အမှောင့်များ လုပ်ဆောင် နေကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကျူးလွန် သူများဖော်ထုတ် နိုင်ရန်အတွက် ပူးပေါင်းကူညီပေးစေ လိုကြောင်းပြောကြားရာ အစ္စလာမ် ဘာသာဝင်များက ယခုအကြမ်း ဖက်မှု ဖြစ်စဉ်သည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း မှု ဆောင်ရွက်နေချိန်တွင် မတည်မငြိမ်ဖြစ်အောင် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်သူများအား ဖော်ထုတ်နိုင်ရန် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။