ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

နေပြည်တော် ဧပြီ ၃
 
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား လူသား ချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယညှိနိုင်းရေးမှူး Ms. Ursula Muller   သည် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေမြုပ်မိုင်း ရှင်းလင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာ ချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။