မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB – Office of Narcotic Control Board) တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် တို့တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရန်အတွက် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မယ့်ဖားလုံဖောင်ဒေးရှင်းတို့ အနေဖြင့် စီမံကိန်းလုပ်ငန်းများအား ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
![]() |
![]() |
၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံ၏ ထောက်ပံ့ငွေ ဘတ်သန်း ၂၀ ဖြင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ် မြို့နယ်၊ ယောင်ခကျေးရွာ၌ လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒုတိယအကြိမ်အဖြစ် ဘတ်သန်း ၃၅၀ သုံးစွဲ၍ ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်းအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်၌ လည်းကောင်း ရေရရှိရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ တိရစ္ဆာန်မွေးမြူရေး/ ကာကွယ်ရေး/ ကုသရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦဆောက်လုပ်ရေး၊ လမ်းခင်းခြင်းလုပ်ငန်းများနှင့် လူမှုစစ်တမ်းကောက်ယူခြင်း လုပ်ငန်း စသည့် လုပ်ငန်းအသီးသီးအား ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် ရည်ရွယ်၍ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ဘိန်းအစားထိုးပပျောက်ရေး အစားထိုး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ စီမံကိန်း ၂ ကြိမ်အတွက် စုစုပေါင်း ရံပုံငွေ ဘတ်သန်းပေါင်း ၃၇၀ ထောက်ပံ့ခဲ့ပါသည်။ လက်ရှိတွင် အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့ အကြား နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။
![]() |
![]() |



