
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှုအတတ်ပညာများ သင်ကြားပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း(မြိတ်)အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီး ၃၃၁၄ ဦး ကို အခြေခံအိမ်တွင်းမှုပညာရပ်များနှင့် အမျိုးသမီး ၇၄၁ ဦးကို အဆင့်မြင့်အိမ်တွင်းမှုူစက်ချုပ်ပညာရပ်များကို အောင်မြင်စွာ သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူအား အပ်ချုပ်စက်တစ်စုံ ချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးသည်။
အဆိုပါ သင်တန်းကို ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်း ကျောင်းမှ သင်တန်းသူများအား ကလေးဝတ်၊ အမျိုးသား၊ အမျိုးသမီးခေတ်မီပုံဆန်း ဘာသာရပ်များ၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံ သင်ခန်းစာများ၊ အဆင့်မြင့်သင်ခန်းစာများ သင်ကြားပေးခဲ့သည်။
သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စ ၂၉ ကိုက်၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်း ၃၈ မျိုးကို ထောက်ပံ့ပေးပြီး စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံနှင့် အသွားအပြန်ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးကြောင်း သိရသည်။
