နေပြည်တော်၊ မေ ၁၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ပင်လည်ဘူးနှင့် ကသာမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ သွားရောက်ကြည့်ရှု့ စစ်ဆေးကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မေ(၁၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဝန်းသို−ဗန်းမောက် လမ်းပိုင်း (၅/၁)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ မေလ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ပင်လည်ဘူး−ဗန်းမောက်လမ်းပိုင်းပေါ်၌ နောင်ကန်− မော်လင် လမ်း (၃/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ မေလ(၁၈) ရက်နေ့တွင် ကသာမြို့၊ အမှတ်(၆) ရပ်ကွက်မှ သိမ်အင်းကျေးရွာသို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်း (၁/၄)မိုင် ဖောက်လုပ်ပြီးစီးမှု လုပ်ငန်းများကိုလည်းကောင်း နောင်ကန်-မော်လင်လမ်းပေါ်၌ ၂၀၁၈−၂၀၁၉ဘဏ္ဍာနှစ် ပထမ (၆)လပတ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ခင်းလမ်း (၂/၄)မိုင် စတင်ဆောင်ရွက်နေမှု အခြေအနေ များကိုလည်းကောင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီးနောက် လမ်းများခွင့်ပြုရန်ပုံငွေ နှင့်အညီ စံချိန်စံညွှန်းပြည့်မီ၍ အရည်အသွေးကောင်းမွန်သောလမ်းများဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသအာဏာပိုင်အဖွဲ့၊ အရည် အသွေးစစ်ဆေးရေးအဖွဲ့များက စနစ်တကျစစ်ဆေးပြီးလမ်းများ အား ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ညှိနှိုင်းမှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မေလ(၁၆)ရက်နေ့ နံနက်ပိုင်း၌ ဗန်းမောက်မြို့ ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာနှင့် မေလ(၁၇) ရက်နေ့၌ ပင်လည်ဘူးမြို့ ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ သွားရောက် ကြည့်ရှု့စစ်ဆေးကာ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးနေသော လူငယ်သင်တန်းကျောင်းများ အနေဖြင့် ယုံကြည်ချက်၊ ခံယူချက် မှန်ကန်ကောင်းမွန်ပြီး နိုင်ငံတော်ကိုပြန်လည် အလုပ်အကျွေးပြုမည့် တိုင်းရင်းသားလူငယ် မောင်မယ်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးရန်၊ ကျန်းမာသန်စွမ်းပြီး ဘက်စုံထူးချွန် သူများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန် တာဝန်ရှိသူများအား မှာကြား၍ သင်တန်း ကျောင်းအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကာ ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး အရိပ်ရပင်များနှင့် ရာသီသီးနှံပင်များ စိုက်ပျိုးရန်မှာကြားကာ ကျောင်းသား/သူများ နှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ကသာ)၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဗန်းမောက်/ ပင်လည်ဘူး) ရုံးများသို့ ရောက်ရှိစဉ် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ပင်လည်ဘူးမြို့သို့ ရောက်ရှိစဉ် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံအတွက် ရေသန့်စက်နှင့် အဝင်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၄င်းအပြင် ဗန်းမောက်မြို့နယ် မြစ်သေးချင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ပင်လည်ဘူးမြို့နယ်၊ ပင်းမူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ပြီး ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၁၇−၂၀၁၈ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ကသာ) ဖွင့်ပွဲအခမ်းအနားကိုမေလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနား ပထမပိုင်း အစီအစဉ်အရ တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က သင်တန်း ကျောင်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကပ္ဗည်းမော်ကွန်းအား အမွှေးနံသာရေများ ပက်ဖြန်းပေးခဲ့ပြီး အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အမှာစကား ပြောကြားခဲ့ပြီး ဒေသခံများကိုယ်စား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်းက ကျောင်းတည်ဆောက် ပေးရခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများကို လိုက်လံကြည့်ရှု့၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝန်းအတွင်း သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားဖိုဆောင်တို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။