နေပြည်တော် အောက်တိုဘာ ၅
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကချမှတ်ထားသည့် လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာရေးနှင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရေးစသည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီများက ကြိုးစားအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ယခင်လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃) တွင် ဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်နှင့် ဆုံးဖြတ်ချက်အရ လုပ်ငန်းဆပ်ကော်မတီများကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရပါ ပိုမိုပြည့်စုံစွာ ဆောင်ရွက်နိုင်စေရန်အတွက် ဖွဲ့စည်းပုံနှင့် တာဝန်များ ပြင်ဆင်ထုတ်ပြန် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများကိုလည်း သက်ဆိုင်ရာဝန်ကြီးချုပ်များ ဦးစီး၍ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ဦးစီးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အရာရှိကြီးများ၊ တပ်မတော်အရာရှိကြီးများဖြင့် ပိုမိုတိုးချဲ့ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအား စိစစ်ပြီး ဗဟိုကော်မတီသို့ တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများနှင့် လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် နယ်စပ်ဒေသရှိ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ အမြန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေတိုင်းရင်းသားလူငယ်များ ထူးချွန်ထက်မြက်ပြီး ဗလ ငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးနှင့် ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ပြီး ကော်မတီအဆင့်ဆင့်အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်နီးကပ်စွာ ပူးပေါင်း၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ယင်းနောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက နယ်စပ်ဒေသအသီးသီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားသည့် လမ်းတံတားအဆောက်အဦကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးရေးကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ကဏ္ဍများကိုလည်းကောင်း နောင်ဘဏ္ဍာနှစ်များအလိုက် ဆောင်ရွက်ရန် လျာထားချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။