နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

ဇူလိုင် လ ၂ ရက်
  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
   အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် လုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီများမှ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက် ခဲ့ကြပါသည်။
   ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီက ချမှတ်ထားသည့် လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး၊ အသေးစား အငယ်စား အလတ်စား စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် ကဏ္ဍအသီးသီး ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများက ကြိုးစားအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
   နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တိုင်းဒေသကြီး/ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီ မျှတစွာ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဖော်ဆောင်ရာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေးသည် များစွာအရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက် အချိုးကျသည့်အတွက် ဒေသဖွံ့ဖြိုး တိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းမှု ပိုမိုခိုင်မာလာစေရန်အတွက် မူဝါဒများ ခိုင်မာမှု၊ ညှိနှိုင်း ပေါင်းစပ် တာဝန်ယူ ဆောင်ရွက်မှု၊ အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး အားတက်သရော ဆောင်ရွက်မှုတို့ လိုအပ်ပါကြောင်း။
   မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအား စိစစ်ပြီး ဗဟိုကော်မတီ သို့ တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများနှင့် လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့်လုပ်ငန်း များကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်း တင်ပြ ဆွေးနွေးကြရန်ဖြစ်ပါကြောင်း။
   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ လုပ်ငန်းကော်မတီ အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ဗလ ငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေး ရည်မှန်းချက်များထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများအနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
   ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက လက်ရှိ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဘဏ္ဍာနှစ် အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်း ပေါင်းစပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload