နေပြည်တော်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ နံနက် ၁၀၃၀ ချိန် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်း အဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်းနှင့်ရန်ကုန်) တို့မှ ကျောင်းအုပ်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ပြည်နယ်/တိုင်း ဒေသကြီး ဦးစီးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး၊ နယ်စပ်ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၈) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် (၂၄) ဦး ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက် သော နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီကို အဖွဲ့ဝင်(၃၃)ဦးဖြင့်လည်းကောင်း ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့ စည်းထားပြီးဖြစ်၍ နယ်စပ်ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏လက်ရှိ ပကတိအခြေအနေများကို နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်၊ ကာကွယ်ရေးအမြင်ဟူသော အမြင် (၄) မြင်ဖြင့် ရှု့မြင်သုံးသပ်၍ မှန်မှန်ကန်ကန် သိရှိထားရန် လိုကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် မြန်မာဆို သည့်စိတ်ဓါတ်ကို မွေးမြူ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြိုးပမ်းတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း (၆၇၅) ခုကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း (၂၇၅) ခုကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်၊ အောင်မြင်မှုများ၊ အခက်အခဲ များနှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်နားလည်မှု၊ ဖြည့်ဆည်းဆောင်ရွက်ပေးမှုတို့ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကိုသိရှိနိုင်ရန် ယခုလိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ်ယူကျင်းပရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး အရည်အသွေးကောင်းမွန်စွာ၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရန် လည်းလိုအပ်ပါကြောင်း၊ မိမိတို့လုပ်ငန်းအပေါ် စေတနာထား၍ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံသည့် စိတ်ဓါတ်များဖြင့် လုပ်ဆောင်ပေးကြရန်နှင့် လက်အောက်ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးဆိုင်ရာ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ၊ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စိတ်ဝင်တစား ဆောင်ရွက် ပေးကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက မိမိတို့ ပြည်နယ်/တိုင်း ဒေသကြီးအလိုက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လုပ်ငန်းများအရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး တာဝန်ရှိသူများမှ စဉ်ဆက်မပြတ် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်းနှင့်ရန်ကုန်) ကျောင်းအုပ်ကြီးများ၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြပါ သည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ယနေ့ညနေပိုင်း၌ ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။