နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲပလဲ့-ကော့ကော်-ထိဝါကလေး နယ်စပ်ပတ်လမ်းကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ လ ၂ ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ကရင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် တို့နှင့်အတူ (၃၀-၄-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ မဲပလဲ့-ကော့ကော်-ထိဝါကလေး နယ်စပ်ပတ်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့သည်။
    အခမ်းအနားအစီအစဉ်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဦးက အဆိုပါနယ်စပ်ပတ်လမ်း နှင့်ပတ်သက်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒေသခံပြည်သူဦးစောတင်နုမှ လမ်းဖောက်လုပ်ပေးခြင်း အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
၎င်းနောက်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌဦးစောချစ်ခင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင် ဦးစောရင်နု၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့က ကတ္တရာ လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
    
အဆိုပါ နယ်စပ်ပတ်လမ်းသည် သင်္ကန်းညီနောင်၊ မဲပလဲ့မှ ကလေးဖိုးခွီးအထိ (၆၈/၀) မိုင် ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မဲပလဲ့-ကော့ကော်-ထိဝါကလေးလမ်း (၁၇/၀) မိုင်အား ကျောက်ရောမြေခင်းခြင်းနှင့် တံတားများ တည်ဆောက်ခြင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်များ တွင် ထိဝါကလေး- တာလေ- ဝါးမီးကုလား (၄၀/၀) မိုင်အား ကျောက်ခင်းခြင်းနှင့် တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ယနေ့ဖွင့်လှစ်ခဲ့သော မဲပလဲ့-ကော့ကော်-ထိဝါကလေး လမ်းပိုင်းမှ (၁၅/၄) မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းအား ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းများအတွက် နယ်စပ်ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ပေါင်း (၇၈၃၅.၂၉၁) သန်း ကျခံသုံးစွဲ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝါးမီးကုလား-ကလေဖိုးခွီး လမ်း (၁၁/၀) မိုင်အား မြေသားလမ်း ဖောက်လုပ်ပေးခြင်း၊ တံတားများ တည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ များမကြာမီ ကာလအတွင်း ကလေဖိုးခွီးမှတဆင့် ခလယ်ဒေး-လေးဝါး-မဲသဝေါဒေသ အထိ တဆက်တစပ်တည်း ဖောက်လုပ်သွားရန် ရည်မှန်းဆောင်ရွက် လျှက်ရှိသောကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အခြာကျသော နယ်စပ်ပတ်လမ်းကြီးတစ်ခု ပေါ်ပေါက် လာမည်ဖြစ်ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြိုင်ကြီးငူ-မဲသဝေါလမ်း (၃၁/၀) မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ဖောက်လုပ်ပေးခဲ့ပြီးဖြစ်ရာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းခြင်း၏ အကျိုးရလာဒ်များပင်ဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုနေ့နေ့လယ်ပိုင်းတွင် မြဝတီမြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်း ကျောင်းအုပ်နှင့် နည်းပြများအား တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် (၁-၅-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ ရှိ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး နှင့်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ကော့ကရိတ်မြို့မှဆက်လက်ထွက်ခွာကာ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မဲလံ(အောက်)-ဖားကဒူး ကတ္တရာခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။