
နေပြည်တော်၊ ဇွန်လ ၁၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရုံးဧရိယာအတွင်းရှိ ယာယီ ဘာရှာ ပတ္တမြား (အရာထမ်း) အိမ်ရာ ဝန်းကျင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့်အမှာစကားပြောကြား၍ ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ စုစုပေါင်း ၂၆၃ ပင် တို့ကို ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်နက် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင် စားပင် များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့တွင် သစ်ပင်ပေါင်း ၈,၆၂၁ ပင် စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ဆက်လက်ထိန်းသိမ်း ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
