ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆောင်ပြောင်း-လုံးပျဉ်-ကောင်မဲသင်း ကတ္တရာလမ်းသစ် (၃/၀)မိုင် ဖွင့်ပွဲ ကျင်းပ

နေပြည်တော်    ဇူလိုင် - ၂၀
    ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်  ဆောင်ပြောင်း-လုံးပျဉ်-ကောင်မဲသင်း ကတ္တရာလမ်းသစ် (၃/၀)မိုင် ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက အဆိုပါလမ်း၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်း သစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ တို့က လမ်းဖောက်လုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကာ လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဘန့်ဘာကျေးရွာအုပ်စုရှိ ကန်ဖြူအောက်၊ ကဇူးပါးအောက်၊ ကာလသီ၊ နှစ်တန်ခူး၊ ငါးရံကုန်း၊ မယ်ရွေးကျေးရွာ(၆)ရွာရှိ အိမ်ထောင်စု (၁၄၂) စုအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ထောက်ပံ့သည့်ဆိုလာမီး (၁၄၂)စုံအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ ကျေးရွာအလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယခုပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်တွင် ဆောင်ပြောင်း-လုံးပျဉ်-ကောင်မဲသင်း ကတ္တရာလမ်းသစ် (၃/၀)မိုင် ဆောင်ရွက်ပေးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ လမ်းတံတားလုပ်ငန်းပေါင်း (၉၄)ခု၊ ရေရရှိရေး လုပ်ငန်းပေါင်း (၆၃)ခု၊ စွမ်းအင်လုပ်ငန်းပေါင်း (၁၁)ခု၊ သာသနာရေးလုပ်ငန်းပေါင်း (၅)ခုတို့အား ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်(၁၂၀၅၅.၇၅၄)သန်းဖြင့် အသုံးပြုဆောင်ရွက်ခဲ့ပါကြောင်းနှင့် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လ ကာလတွင်လည်း ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက် နှစ်စဉ်ဆောင်ရွက်ပေးနေသော ဘဏ္ဍာငွေထက် မနည်းသည့် ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

Post Paragraph