နေပြည်တော်၊ ဇူလိုင်လ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား (၁၃-၇-၂၀၁၇) ရက်နေ့မှ (၁၄-၇-၂၀၁၇) ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက် ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃-၇-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) သို့လည်းကောင်း၊ နေ့လည်ပိုင်းတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေး) သို့လည်းကောင်း သွားရောက်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များအား တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်မှ ရာနှုန်းပြည့် အထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်မည့် နိုင်ငံသားကောင်း သမီးကောင်းများဖြစ်အောင် ပညာကိုအားကြိုးမာန်တက် လေ့လာသင်ယူသွားကြရန်၊ ကျောင်းအုပ်နှင့် နည်းပြများကလည်း ပညာတစ်ခုတည်းသာမက စည်းကမ်းစနစ်တကျရှိစေရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပြုမှုနေထိုင်ဆောင်ရွက်တတ်ရေး၊ မိမိတိုင်းပြည်/ဒေသကို ချစ်မြတ်နိုးတဲ့ စိတ်ခံယူချက်၊ ယုံကြည်ချက် မှန်ကန်ကောင်းမွန်စေရေး၊ လိမ္မာယဉ်ကျေးသော နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေနှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၄-၇-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံသင်တန်းတက်ရောက်ပြီး အဆင့်မြင့်သင်တန်းများကို ဆက်လက်တက်ရောက်၍ ကြိုးကြိုးစားစား လေ့လာသင်ယူပါက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်သလို အထည်ချုပ်စက်ရုံများ၊ ကုမ္ပဏီများတွင်လည်း ကျွမ်းကျင်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင် မည်ဖြစ်သဖြင့် အပတ်တကုတ် ကြိုးစားသင်ယူ သွားကြရန်မှာကြားခဲ့ပြီး သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ အဝတ်အထည်များ ချုပ်လုပ်ထားရှိမှုများနှင့် သင်တန်းကျောင်းအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ သို့သွားရောက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုသင်တန်းကျောင်း သို့ သွားရောက်၍ လပွတ္တာခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ဒေသဆိုင်ရာလိုအပ်ချက်များတင်ပြလာမှုအပေါ်ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း (လပွတ္တာ) ၌ သင်တန်းသားများ ဘာသာရပ်အလိုက် လက်တွေ့ လေ့ကျင့်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုဖွင့်လှစ်သည့် သင်တန်းများ သည် နိုင်ငံတော်မှ ထောက်ပံ့မှုအပြည့်အဝဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၍ ရရှိသော အခွင့်အလမ်း များကို တန်ဖိုးရှိစွာ အသုံးချ၍ ကြိုးစားလေ့ကျင့် သွားကြရန်နှင့် သင်တန်းနည်းပြ များကလည်း သင်တန်းသားများ ကိုချမှတ်ထားသောကျောင်းစည်းကမ်းချက်များအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်တတ်စေရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဘာသာရပ်များအလိုက် နားလည်တတ်ကျွမ်းသည် အထိ စေတနာထားသင်ကြားပေး စေလိုကြောင်းမှာကြားကာ သင်တန်းနည်းပြများနှင့် သင်တန်းသားများ အတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။