နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များတွင် များစွာအထောက်အကူဖြစ်စေနိုင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ တိုင်းရင်း သားအဖွဲ့အစည်းများအတွက် စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးရည်ရွယ်၍ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီပေးနေမှု အခြေအနေများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ နယ်စပ်ဒေသရှိ IDPs ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသ၏ လက်ရှိလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရ၊ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ နှစ်ဖက်လူ့အဖွဲ့အစည်းအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေး နေမှုအခြေအနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေ များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၏ အကျိုးရလဒ်များနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။