နေပြည်တော်၊ ဇူလိုင်လ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi သည် ယနေ့ညနေ (၄) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNHCR တို့ပူးပေါင်း၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒအလျောက် နေရပ်ပြန်ရေးကိစ္စရပ်များတွင် လိုအပ်ချက်ရှိသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ် လက်ရှိတည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက လတ်တလော အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ရေရှည်ဆောင်ရွက်သွားမည့် အစီအမံများ၊ အကြံပေး ကော်မရှင်၏ အကြံပြုတင်ပြချက်များ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တို့၏ အကြံပြုတင်ပြချက်များ နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများသာမက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီး ဖော်ဆောင်ပေး နေမှုများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်း အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး တာဝန်ယူဆောင်ရွက် နေသော လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် တည်ဆဲဥပဒေများအပြင် နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းများ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နားလည်သဘောက်ပေါက်မှု ပိုမိုအားကောင်းလာနိုင်စေရေးဆိုင်ရာ Capacity Building သင်တန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နိုင်ရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေမှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။