ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ရဲအောင်အား ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ တိုင်းရင်းသား ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ တိုင်းရင်းသား ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ပြည်ထောင်စု၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
     ထို့သို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေ မီးအစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်သင်တန်းကျောင်းများ၊ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ ဖွင့်လှစ်၍ သင်ကြားပို့ချမှုအခြေအနေများ၊ တိုင်းရင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၊ စက်မှုလက်မှုသင်တန်းကျောင်း များ၊ ခေတ်မီမော်တာ အထည်ချုပ် သင်တန်းများနှင့် ဂျပ်ခုတ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများ၊ နှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများဖလှယ်ရေး ဆိုင်ရာကိစ္စ ရပ်များ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစု များအတွက် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဦးတည်ဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ နှစ်နိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အပြန်အလှန် ဖလှယ်နိုင်ရေးကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
     ယင်းတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
     ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ တိုင်းရင်းသားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော အဖွဲ့အား နေပြည်တော်ရှိ Grand Amara Hotel ၌ ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။