ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

စစ်တွေ   ဇွန်   ၂၂
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)ရှိ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 
    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)ရှိ ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်များနှင့် သင်တန်းကျောင်းအတွင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ 
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ထမင်းစားဆောင်၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ကျောင်းသား ကျောင်းသူများအတွက် စားစရိတ် အပိုဆောင်းငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ကျောင်းသား ကျောင်းသူများအတွက် မိုးကာအင်္ကျီများကိုလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်ချီးမြှင့်ငွေကိုလည်းကောင်း ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူ၍ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph