ဗန်းမော် မေ ၁၅
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေများဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ နတ်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောင်မို-အောင်သာယာ-မံမလင်း ကျေးရွာချင်းဆက်မြေသားလမ်း အရှည် ၁၇ မိုင် ၆ ဖာလုံကို မေလ ဒုတိယပတ်အတွင်းက ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံပြည်သူများအတွက် ခရီးသွားလာရေး လွယ်ကူချောမွေ့သွားပြီဖြစ်ကြောင်း ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၆၇ ဒသမ ၃၆ သန်းဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ဗန်းမော်မြို့နယ် အတွင်းရှိ နတ်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောင်မို-အောင်သာယာ-မံမလင်း ကျေးရွာချင်းဆက်မြေသားလမ်းပိုင်းမှ လမ်းအရှည် နှစ်မိုင်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၁၀၁ ဒသမ ၀၄ သန်းဖြင့် မြေသား လမ်း အရှည် သုံးမိုင်ကို ထပ်မံဆောင်ရွက်ခဲ့ပြီးနောက် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၄၆ ဒသမ ၃ သန်းဖြင့် မြေသားလမ်း ၁၂ မိုင် ၆ ဖာလုံကို ထပ်မံဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီကျေးရွာ ၁၈ ရွာက ပြည်သူတွေအနေနဲ့ ဗန်းမော်ကိုလာမယ်ဆိုရင် ဧရာဝတီမြစ်ကူးတံတား မရှိတဲ့အတွက် အခက်အခဲတွေ ရှိနေတာပေါ့လေ၊ ရေကြောင်းကပဲ သွားလာနေရတယ်၊ ဒါကြောင့် စင်းခန်းမြစ်ကူးတံတားကို ဖြတ်နိုင်ဖို့အတွက် စင်းခန်းဘက်ကနေ လမ်းအသစ်တစ်လမ်းလိုအပ်လို့ ဖောက်လုပ်ပေးခြင်းဖြစ်ပါတယ်"ဟု ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောသည်။
ယခုအခါ အဆိုပါ ကျေးရွာချင်းဆက်လမ်း အရှည် ၁၇ မိုင် ၆ ဖာလုံ တွင် လုပ်ငန်းအားလုံး ပြီးစီးသွားပြီဖြစ်သဖြင့် ယင်းလမ်းနှင့် ဆက်စပ်လျက် ရှိသည့် ကျေးရွာ ၁၈ ရွာမှ အိမ်ထောင်စုပေါင်း ၁၆၉၄ စု၊ လူဦးရေ ၁၀၅၀၀ ခန့်၏ လူမှုဘဝနှင့် စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)