နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးအားဖူးမြော်၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ

စစ်တွေ ဒီဇင်ဘာ ၁၆
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင် တို့သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့် Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်း သမိုင်းဝင်စကြာမုနိဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ပြီး အဆင့်မြင့်ပညာနှင့် အခြေခံပညာ တို့မှ ဆရာဆရာမများနှင့်တွေ့ဆုံသည်။    
   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ စေတီတော်ဘက်စုံပြုပြင်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းကြကာ လောကာနန္ဒာ စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောက်လုပ်နေမှုနှင့် နေပူခံကျောက်ပြားခင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
    ဆက်လက်၍ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ အလှူငွေများ ထည့်ဝင်လှူဒါန်းသည်။
   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာဆရာမများနှင့် တွေ့ဆုံသည်။
   တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် မိမိတို့ဆရာဆရာမများသည် အတတ်ပညာဆိုသည့် ဘာသာရပ် ကျွမ်းကျင်မှုအပြင် ကျောင်းသားကျောင်းသူများကို စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်အယူအဆ မှန်ကန် အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာထားပြီး သင်ကြားပေးကြသော ဆရာ ဆရာမကောင်းများ ဖြစ်နိုင်ကြပါစေ ကြောင်း၊ ဆရာဆရာမများသည် မိမိတို့အသက်မွေးဝမ်းကျောင်း ပညာဖြစ်သော မြင့်မြတ်သည့်ပညာသင်ကြားရေးလုပ်ငန်းကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ဖြင့် ထမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားသည်။
   ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမများက တာဝန်ထမ်းဆောင်နေမှုအခြေအနေ များနှင့် လိုအပ်ချက်များကိုတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကြသည်။
   ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဆရာဆရာမ များအတွက် ချီးမြှင့်ငွေနှင့် အခြေခံစားကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
 

Post Paragraph
video-upload