ရန်ကုန်၊ အောက်တိုဘာ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖြစ်သော ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်းအမှတ်စဉ်(၇)၊ စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ် (၁၁၂) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ၉-၁ဝ-၂ဝ၂၃ ရက်နေ့၊ နံနက် ဝ၉:ဝဝ နာရီ အချိန်တွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်း တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် သင်တန်းသား၊ သင်တန်းသူ အင်အား ၁၅ဝ ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား အရည်အသွေး ထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုး ရသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းကို ၉-၁ဝ-၂ဝ၂၃ ရက်နေ့မှ ၂၉-၁၂-၂ဝ၂၃ ရက်နေ့ထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။