ပင်းတယ မတ် ၈
ရှမ်းပြည်နယ်၊ ပင်းတယမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ထမနဲထိုးပွဲကို ကျောင်းသား၊ကျောင်းသူများ ဆရာ၊ ဆရာမ များဖြင့် စည်ကားစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ထမနဲထိုးပွဲပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား၊ ကျောင်းသူ အချင်းချင်း စည်းလုံးညီညွတ်ကြစေဖို့၊ ချစ်ခင်မှုရရှိကြစေဖို့၊ တစ်ဦးပေါ်တစ်ဦး နားလည်မှုရရှိကြ စေဖို့နဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိကြစေဖို့ ရည်ရွယ်ပြုလုပ် ပေးတာ ဖြစ်ပါတယ်” ဟု အဆိုပါသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြိုင်က ပြောသည်။
ထမနဲထိုးပွဲတွင်ပါဝင်သည့် သတ္တမတန်းကျောင်းသူတစ်ဦးက “ထမနဲကို စားရတာ ကျွန်မကြိုက်တယ်။နှစ်တိုင်းလည်း ဆရာကြီးက ဒီလိုနေ့တိုင်းပြုလုပ်ပေးတယ်။ အားလုံးက လည်း ဝိုင်းကူလုပ်ပေးကြတော့ တစ်ဦးကိုတစ်ဦးကူညီရင်း ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲတယ်လို့ ကျွန်မကိုယ်တိုင် ခံစားမိပါတယ်” ဟု ကျောင်းသူတစ်ဦးက ပြောသည်။
ထမနဲကို ဆီ၊ ကောက်ညှင်းဆန်၊ ချင်း၊ အုန်းသီး၊ မြေပဲဆန်၊ ဆား၊ သကြားများကို အချိုးကျ ပေါင်းစပ်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများဖြင့် စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။