အောက်တိုဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ ဆက်ခြင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် / ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာ စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စနစ်တကျ လေ့လာဆည်းပူး သင်ယူသည့်အပြင် သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း လေ့လာသင်ယူရရှိခဲ့သည့် ပညာရပ်များကို အခြေခံ၍ စဉ်ဆက်မပြတ် လေ့လာလေ့ကျင့်သွားကြရန် မှာကြားလိုပါကြောင်း၊ အလားတူ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာ၌ များစွာ အထောက်အကူပြုမည့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ဆက်ခြင်း သင်တန်းကိုလည်း တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုခေတ်ကာလတွင် အချိန်နှင့်အမျှ တိုးတက်လျက်ရှိသော IT နည်းပညာများကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြုနိုင်ပါက ဝန်ကြီးဌာန၏ လုပ်ငန်းစဉ် ၂ ရပ် ဖြစ်သော နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာ အထောက်အကူဖြစ်စေပြီး ပြည်နယ်/ ပြည်မ အကြားအလပ်မရှိ မျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားသည့် ဘာသာရပ်များကို သင်တန်းကာလအတွင်း လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြရန် နှင့် မိမိတို့ ရုံးဌာနခွဲ အသီးသီး၌လည်း ပြန်လည် ဆင့်ပွား သင်ကြားပေးကြရန် တိုက်တွန်းပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်း နည်းပြ ဦးသန်းဆွေ က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် သင်တန်းများ ပို့ချ သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။