
နေပြည်တော် ဒီဇင်ဘာ ၁၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ကန်ဆယ်တူးဖော် ပြုပြင်ထိန်းသိမ်း လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ ရုပ်စုံကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။
ယင်းနောက် ဆရာတော်ကြီးများ ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်များက ရေကန်အလှူရှင်ကမ္ပည်းကျောက်စာကို အောင်သပြေခက်များဖြင့်ပတ်ဖြန်းပေးပြီး ရေကန်၏ ရေဝင်ရောက်မှုအခြေအနေနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးက ရေကန်ဆယ်ယူခဲ့မှု အခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ရှေးဟောင်းရေလမ်းကြောင်းများနှင့် ရှေးဟောင်းရေကန် ၉၁ ကန်အနက် တူးဖော်ကန်ဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော ရေကန်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် သရပါတံခါးအနီးမှ အနော်ရထာလမ်းအတွင်း မြေလမ်းကို ဂျင်းကျောက်မြေနီခင်းသည့် လုပ်ငန်းခွင်သို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။
ထို့နောက် စူဠာမဏိဂူဘုရားသို့သွားရောက်၍ နံရံဆေးရေးပန်းချီများ သန့်စင်ခြင်းနှင့် Tempered Glass မှန်ဖြင့် ကာရံခြင်း ဆောင်ရွက်ပြီးစီးမှု၊ ပုဂံခေတ်ရှေးအုတ်အရွယ်ဖြင့် ဘုရား တံတိုင်းနှင့် ဘုရားအကြားလျှောက် လမ်းအကျယ် ကိုးပေ ခြောက်လက်မ၊ အရှည် ၁၂၈၂ ပေခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်း ထားသော ဘုရားအမှတ် ၇၅၂ တို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ကန်ဆယ်ထားသည့် ကန်သစ်ကန် (ပြဿဒ်ကန်)၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းထားပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက တူးဖော်ကန်ဆယ်ထားသည့် အာမနာကန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက တူးဖော်ကန်ဆယ်ထားသည့် မြေနဲလေးကန် - ၃၊ အလိုတော် ပြည့်ဘုရားမိုးကြိုးလွှဲ တပ်ဆင်ထားမှု အခြေအနေများတို့ကို ကြည့်ရှုစစ်ဆေးသည်။