စီမံကိန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီးစီမံကိန်းများ
Aide Medicale Internationale (AMI) နှင့် ပူးပေါင်းဆောင်ရွက်မှု
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် AMI တို့ပူးပေါင်း၍ ၂၀၀၇ ခုနှစ် မှ ၂၀၁၀ ခုနှစ် အထိ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထောက်ကူရေး စီမံကိန်းအား အမေရိကန်ဒေါ်လာ ၁.၉၇၅ သန်းဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ “ဝ” အထူးဒေသ (၂) ရှိ ပန်ယန်း၊ နားကောင်၊ နောင်ခစ်၊ မန်မန်ဆိုင်၊ ဝိန်းကောင်၊ ပန်ဆန်း၊ မိုင်းဖျန်၊ ဟိုတောင်း၊ မိုင်းကာ၊ နမ့်ဖိုင်၊ မိုင်းပေါက်၊ လင်ဟော်၊ နားဝီ၊ ကလုံပါ နှင့် မန်တုံမြို့နယ်များတွင် ဆေးပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ ပရိဘောဂများထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အဦများ ထောက်ပံ့ပေးခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။
Welt Hunger Hilfe - WHH နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် ဂျာမဏီနိုင်ငံ အခြေစိုက် Welt Hunger Hilfe - WHH တို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စီမံကိန်း အဆင့် ၂ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၄.၆၅၆ သန်း သုံးစွဲ၍ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် သင်တန်းများ ပေးခြင်း၊ ပျိုးပင်များ ဖြန့်ဝေပေးခြင်း၊ စပါးဘဏ်ထူထောင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး သင်တန်းများ၊ ကျန်းမာရေးအတွက် လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးခြင်းလုပ်ငန်းများအား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။
The Association of Medical Doctors of Asia-AMDA (အာရှဆေးဘက်ဆိုင်ရာ ဆရာဝန်များအသင်း) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် The Association of Medical Doctors of Asia-AMDA (အာရှဆေးဘက်ဆိုင်ရာ ဆရာဝန်များအသင်း) တို့ပူးပေါင်း၍ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စီမံကိန်းအဆင့် ၃ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၂.၅၄၁ သန်းသုံးစွဲ၍ စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊ မိခင်နှင့် ကလေး အာဟာရ ထောက်ပံ့ရေးလုပ်ငန်း၊ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုုပ်ခွင့်ရဒေသ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
World Vision နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် World Vision တို့ပူးပေါင်း၍ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စီမံကိန်းအဆင့် ၃ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၅.၅၂၅ သန်း သုံးစွဲ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဝင်ငွေရ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာ ဖူလုံရေး လုပ်ငန်းများအား ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကရင်ပြည်နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာစီမံကိန်း (Training Programme for Enhancing the Leadership Potential of Myanmar State Government's Officials)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၅ သန်းဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၅ နှစ် သက်တမ်းရှိ ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာစီမံကိန်းအား ၁၂-၆-၂၀၁၃ ရက်နေ့ တွင် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ပါသည်။