လဟယ်ဆိုသည့်အသံကြားလိုက်သည်နှင့် တော်တော်များများက တွန့်သွားတတ်ကြသည်။ သွားလေရော့ လဟယ်ဆိုသည့် စကားစုနှင့်တွဲဖက် ၍ ဝိသေသပြုလိုက်သောအခါ လဟယ်ဆိုသည် မှာ အလွန်ဝေးလံသော၊ အလွန်ခေါင်ဖျားသော၊ အလွန်သွားလာရခက်ခဲသော နေရာဒေသတစ်ခု အဖြစ် မြင်သွားတတ်ကြသည်။ တွေးထင်သွားတတ် ကြသည်။ စိုးရိမ်ပူပန်မှုတွေ မြင့်တက်သွားတတ် ကြသည်။ သောကတွေ ဝေသွားတတ်ကြသည်။ သို့သော်... လက်ရှိလဟယ်မြို့အနေအထားကို ရောက်ဖူးသူများ၊ ခ္တီး-လဟယ်လမ်းကို သွားလာ ဖူးသူများအနေဖြင့်မူ သွားလေရော့လဟယ်ဆိုသည့် စကားစုသည် လဟယ်မြို့ လဟယ်ဒေသကို ရည်òန်းသုံးစွဲခြင်းမဟုတ်ကြောင်း ကောင်းစွာသိရှိ နေကြပြီဖြစ်သည်။ စင်စစ်သော်ကား သွားလေ ရော့လဟယ်ဆိုသည်မှာ ပစ္စည်းတစ်ခုခုကို အဝေး သို့စွန့်ပစ်လိုက်ချိန် ၊ လွှင့်ပစ်လိုက်ချိန် မြည်တမ်း ရေရွတ်မိသော စကားစုတစ်ခုပင်ဖြစ်သည်။ လဟယ်မြို့နှင့် မသက်ဆိုင်ပါ။
ယခင်က လဟယ်ဒေသ၏ လမ်းပန်း ဆက်သွယ်ရေးအခြေအနေ အလွန်ဆိုးရွားခဲ့သည် မှာလည်း မှန်ကန်ပါသည်။ လဟယ် နှင့် ခန္တီးကြား နှစ်ညအိပ် သုံးရက်ခရီးဖြင့် လမ်းလျှောက်သွား လာကြရသည်ဆို၏။ ယခုတစ်ခေါက်ခရီးစဉ်၌ ကျွန်တော်တို့အဖွဲ့ကို ကိုယ်တိုင်ကားမောင်းပို့ရင်း လဟယ်မြို့သို့ကူညီလိုက်ပါလာသော ဦးဆန်းမိုး (ခရိုင်ဦးစီးမှူး၊ ခန္တီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး ရေး ဦးစီးဌာန)က သူလဟယ်မြို့၌ စတင်တာဝန် ထမ်းဆောင်သည့် ၂ဝဝ၂ ခုနှစ် အခြေအနေသည် ပင်လျှင် ထိန်ညိုတောင်အဆင်းမှနေ၍ မွန်ထွေ ကျေးရွာကို လှမ်း၍မြင်နေရသည့်တိုင် လျှောက်ရင်း လျှောက်ရင်းလျှိုထဲ၌ တစ်ညအိပ်ခဲ့ဖူးကြောင်း အမှတ်တရပြန်လည်ပြောပြသည်။ သူသည် မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၏ အမှတ်စဉ် (၁) ကျောင်းဆင်းတစ်ဦးဖြစ်၏။ နာဂတိုင်းရင်းသား လူငယ်တစ်ဦးအနေဖြင့် နာဂဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တက်တက်ြ<ွကြ<ွကထမ်းဆောင်နေ ကြောင်းတွေ့မြင်ရ၍ ဝမ်းသာမိသည်။
နာဂဒေသ လဟယ်မြို့သို့ သွားရာလမ်းဖြစ် သော ဆင်သေ-လဟယ်လမ်း (၅၃/ဝ) မိုင်ကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာပင် ကတ္တရာလမ်းအဆင့်မြှင့်တင် ပေးထားပြီးဖြစ်သည်။ ထိုနှစ် လဟယ်မြို့၌ ကျင်းပ သော နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ထိုလမ်း အတိုင်း အဆင်ပြေပြေသွားလာနိုင်ခဲ့ပါသည်။ ဝေးလှသည်ဟုမဆိုသာ။ ယခုအခါ ချင်းတွင်း တံတား ( ခန္တီး) ကို တည်ဆောက်နေပြီဖြစ်ရာ ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးသွားပါက ခန္တီး-ဆင်သေ-လဟယ်လမ်းသည် ပို၍ပို၍ခရီးတာတိုသွားမည်ဖြစ် သည်။ သို့သော်တောင်ပေါ်လမ်းတို့ ထုံးစံအတိုင်း မိုးတွင်းကာလ အချို့နေရာလေးများတွင် မြေပြိုကျ တတ်သော နေရာအနည်းငယ်ရှိနေပါသေးသည်။ ဒါကလည်း လဟယ်လိုနေရာမျိုးကိုမဆိုထားနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့မှ ကွမ်းလုံမြို့ သို့သွားရာလမ်း၌ သဲတောင်လိုနေရာမျိုးတွင် သဘာဝအလျောက် မြေပြိုကျမှုများကို ကြုံတွေ့ နေရဆဲမို့ ထူးဆန်းသည်တော့မဟုတ်လှပါ။ ထို့အပြင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက မြေကော်စက်ငယ်လေးများကို လောင်ငေါက်နှင့် စံပြကျေးရွာများ၌ ထားပေးကာ မြေပြိုသည်ကို သိလျှင်သိချင်း လာရောက်ရှင်းလင်းဖယ်ရှားပေးလျက်ရှိကြောင်း သိရသည်။
ထိန်ညိုတောင်နှင့်ပတ်သက်၍မူ နောင်တော် ကြီး ဦးစိုးတင့် ( ပါမောက္ခချုပ်- ငြိမ်း၊ ပြည်ထောင် စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်)က တိမ်တွေငိုသည့် ထိန်ညိုတောင်ဟု အမှတ်တရ ဆိုခဲ့ဖူးသည်။ အမြင့်ပေ ၅ဝဝဝ ဆိုသည်မှာ အလွန်မြင့်မားလှသည်မဟုတ်သော်ငြား သူပြော သည့်အတိုင်း တိမ်စိုင်တိမ်ခဲအချို့ကတောင်ဘေး မှာ ဝေ့ဝိုက်တွဲခိုနေကြသည်။ မိုးရွာပြီးစဖြစ်၍ ပြင်ဦးလွင်ရာသီဥတုနှင့် နင်လားငါလား အေးမြ သောအထိအတွေ့ကို ခံစားရသည်မှာလည်း သဘောကျစရာပင် ကောင်းနေသေးတော့။ သောက်ရေသုံးရေအတွက် အခက်အခဲမရှိပါမူ ထိုနေရာ၌ View Point များကို လှလှပပဖန်တီး ကာ စားသောက်ဆိုင်လေးများဖြင့် ဝန်းရံလိုက်ပါက ထိန်ညိုတောင်သည် ပို၍ပို၍ သာယာလှပသွား မည်မှာ မလွဲပေ။ ရခိုင်ဒေသမှ တနင်္သာရီဒေသသို့ ပြောင်းရွှေ့သွားသော ညီတော်မောင် ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင်ကမူ ထိန်ညိုတောင်၏ အမြင့်ပေ ၄၉၉၇ ကို ၃ ပေမြေကြီးထပ်ဖို့လိုက်လျှင် အမြင့်ပေ ၅ဝဝဝ ဖြစ်သွားပြီး မှတ်သားရလွယ်ကူ သွားမည်ဖြစ်ကြောင်း ရီစရာမောစရာ ပြောခဲ့ဖူး၏။ ယခုတစ်ခေါက်နှင့်ဆိုလျှင် ထိန်ညိုတောင်သို့ မော်တော်ကားဖြင့် အသွားအပြန် ၅ ကြိမ်၊ ၂ဝ၁၆ ခုနှစ် နာဂပွဲတော်မှအပြန် ရဟတ်ယာဉ်အကြုံဖြင့် တစ်ကြိမ် စုစုပေါင်းခြောက်ကြိမ် ကျော်ဖြတ်ခဲ့ဖူး သည်ဖြစ်ရာ ငယ်စဉ် တပ်မတော်သားဘဝက ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်ဒေသရှိ ဆင်တောင်ကြီးအား ခေါင်းပိုင်းကဖြတ်လိုက်၊ အမြီးပိုင်းကဖြတ်လိုက်လုပ်ခဲ့ကြရသည်ကို ပြေး၍ မြင်ယောင်မိသည်။
ဇွန် ၁၂ ရက် မွန်းလွဲပိုင်း၌ လဟယ်မြို့ သို့ရောက်ရှိခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းအားသွား ရောက်တွေ့ဆုံနှုတ်ဆက်ကာ လဟယ်ဒေသ၌ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာနကဖွင့်လှစ်ထားသော နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူလေးများနှင့်တွေ့ဆုံပြီး လာမည့်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး၊ သင်တန်း ကျောင်းအုပ်နှင့် နည်းပြများက Guardian System ကို ကောင်းစွာ ကျင့်သုံးပြီး တိုင်းရင်းသား ကလေးငယ်များအား လေ့ကျင့်ပျိုးထောင်ပြုစု စောင့်ရှောက်ရေး မှာကြားခဲ့ပါသည်။ လဟယ်မြို့သို့ ရောက်ရှိခိုက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်ကာ အဆင့်မြင့် စက်ချုပ်နှင့် အခြေခံစက်ချုပ်သင်တန်းများ တက်ရောက်နေကြသော သင်တန်းသူများကို တွေ့ဆုံပြီး ရန်ကုန်မြို့ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးနေသော ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းသို့ တက်ရောက်ခွင့်ရ ပါက သွားရောက် သင်ယူကြရန်၊ ထိုမှ အထည်ချုပ် ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသော အလုပ် အကိုင်အခွင့်အလမ်းများကို ရယူကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။ အပြန်ခရီး၌ ခန္တီးမြို့ရှိ အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းကို လည်းသွားရောက်ခဲ့ရာ ထိုကျောင်းတွင် တက် ရောက်နေသော သင်တန်းသူများထဲ၌ ဘွဲ့ရအမျိုး သမီးငယ်လေးတစ်ဦး၊ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူခုနစ်ဦးတို့ကပါ အိမ်တွင်းမှုပညာရပ် များကို စိတ်ပါဝင်စားစွာလေ့လာသင်ယူလျက်ရှိ ကြောင်း တွေ့ရှိရသဖြင့် ဂုဏ်ယူဝမ်းမြောက်မိ ပါသည်။
နာဂဒေသတွင် မြို့နယ်သုံးမြို့နယ်ရှိသည့် အနက် လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့ကို ရောက်ဖူးပြီး နန်းယွန်းမြို့နယ်ကိုမူ မရောက်ဖူးသေး ပါ။ ထိုနန်းယွန်းမြို့နယ်အတွင်းမှ နာဂတိုင်းရင်း သားငြိမ်းချမ်းရေးအဖွဲ့များတည်ရှိရာ တကားဒေသ ကိုမူ တစ်မြန်နှစ်က ရောက်ခဲ့ပြီးဖြစ်၏။ သို့သော် သွားချင်နေသောလမ်းကြောင်းမှာ လဟယ်-ဒုံဟီး ကားလမ်း (၆ဝ/ဝ)မိုင် ၊ ဒုံဟီး-နန်းယွန်း (၄ဝ/ဝ)မိုင်နှင့် ထိုမှ နန်းယွန်း-ပန်ဆောင် (၃၄/ဝ)မိုင် ခရီးများဖြစ်ပါသည်။ သို့သော်ငြားလည်း ကျွန်တော် သွားမိသော အချိန်ကာလက မိုးတွင်းကြီးလုံးလုံးဖြစ်သွားပြီဖြစ်၍ လဟယ်မှ ဒုံဟီးသို့ ခရီးဆက်ရန် ပင် မဖြစ်နိုင်တော့ပါ။ ယခုတစ်ကြိမ်မရောက် နောက်တစ်ခေါက်ပေါ့ဟူ၍သာ စိတ်ဖြေလျက် လဟယ်မှ လှည့်ပြန်ခဲ့ရသည်။ နာဂနှစ်သစ်ကူး ပွဲတော်ကာလ၌ သွားခဲ့သော လဟယ် -ဒုံဟီးလမ်း ပေါ်က မကျန်ကျေးရွာသို့လည်း ဒုတိယအကြိမ် ရောက်ခွင့်မကြုံတော့။ ထို မကျန်ကျေးရွာလေး၌ အမြီးဖြတ်ထားသော ခွေးကလေးများတွေ့ရသော ကြောင့် မြီးတိုလေးတို့နေတဲ့ရွာအမည်ဖြင့် ကျွန်တော် ဆောင်းပါးရေးခဲ့ဖူးပါသည်။
လဟယ်မြို့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ် ၊ နာဂဦးစီး အဖွဲ့ဝင် ဦးကာစီရန်းတို့နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေးခဲ့သလို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဆားမူကို လည်း တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်ခံယူချက်တွင်NLD ၊ ပြည်ခိုင်ဖြိုးဟူ၍ ခွဲခြားမှုမရှိ၊ အမျိုးသားနိုင်ငံရေးကိုသာ ဦးတည်ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား စိတ်နှစ်၍ ဆောင် ရွက်နေခြင်းဖြစ်သည်။ ထို့အတူ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မည်သည့်လူမျိုး၊ မည်သည့် ဒေသ၊ မည်သည့်ငြိမ်းချမ်းရေးအဖွဲ့အစည်းဟူ၍ မခွဲခြား၊ အားလုံးကိုတိုင်းရင်းသားဟူသောအမြင် ဖြင့် တစ်ပြေးညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိဖို့ပဲ လိုအပ်ပါ သည်။ အဓိကကျပါသည်။
ခန္တီးမြို့တစ်ဖက်ကမ်းရှိ ဆင်သေမှ နန့်ဖာသို့ မိမိတို့ဝန်ကြီးဌာနကဖောက်လုပ်ပေးထားသော မြေလမ်း(၁၃/ဝ)မိုင်ကို နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဟောင်း ဦးရူစံကြူးနှင့်အတူ မိုးသည်းသည်းကြား ကပင် သွားရောက်ကြည့်ရှုဖြစ်ခဲ့သေး၏။ လမ်းဘေး ဝဲယာ၌ ဒညင်းစိုက်ခင်းကြီးများရှိနေကြပြီး ယခု ဖောက်လုပ်ပေးသော လမ်းမှတစ်ဆင့်သွားလာ ခူးဆွတ်ရောင်းဝယ်ဖောက်ကားနိုင်ကြပြီဖြစ်၍ ဒေသခံတိုင်းရင်းသားများ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိကြသည်။ ဇွန် ၁၄ ရက် ခန္တီးမှ အပြန် လေဆိပ်တွင် ကျွန်တော်စီးမည့် လေယာဉ်နှင့် လိုက်ပါလာသော နတလဝန်ထမ်းအသစ်လေးဦးနှင့် ဆုံလိုက်သေး၏။ မိန်းကလေးနှစ်ဦးက လဟယ်၊ ကျန်တစ်ဦးက ခန္တီး ၊ ယောက်ျားလေး တစ်ဦးက လေရှီးမြို့၌ သွားရောက်တာဝန်ထမ်းဆောင်ကြ မည်ဖြစ်သည်။ လဟယ်သို့သွားရောက်မည့် မိန်းကလေးဝန်ထမ်းနှစ်ဦးအား လဟယ် ဆိုသည်မှာ ၂၄ နာရီမီးလင်းသော၊ တယ်လီဖုန်း လိုင်းများ ကောင်းမွန်သော၊ ဒေသခံတိုင်းရင်းသား များကလည်း ချစ်စရာကောင်းသော ၊ လမ်းပန်း ဆက်သွယ်ရေးမဝေးလှသောမြို့ ဖြစ်သောကြောင့် သွားလေရော့ လဟယ်မဟုတ်တော့သည့် အကြောင်း အားပေးစကားပြောကြားခဲ့သည်။ ကျွန်တော်ထင်ပါသည်၊ သည်ကလေးနှစ်ယောက် လည်း ထိန်ညိုတောင်ပေါ်ရောက်ရင် ပျော်ရွှင် ကြည်နူးသွားလိမ့်မည်ဟူ၍။