အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)မှ သင်တန်းသူ ၂၄၀၀ ကျော်ကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ်များအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်း များအပြင် အခြား အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ နှစ်စဉ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ဧပြီလ ၂၈ ရက်အထိ သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
    အဆိုပါသင်တန်းကျောင်းကို တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များပေါ်ထွန်းလာစေရေးနှင့် လူတိုင်းလက်လှမ်း မှီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက် ၂၀၀၅ ခုနှစ်၊ မေလ၊ ၁၆ ရက်က စတင်ဖွင့်လှစ်ပြီး ၁၈ နှစ်ကျော်ကာလအတွင်း အခြေခံအိမ်တွင်းမှုသင်တန်း တက်ရောက်ပြီး သူ ၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း တတ်ရောက်ပြီးသူ ၄၃၆ ဦး၊ ကြိမ်/ဝါးသင်တန်း တက်ရောက်ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်းတက်ရောက်ပြီးသူ ကိုးဦး၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၂၂၉ ဦးနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းတက်ရောက် ပြီးသူ ၈၉ ဦး၊ စုစုပေါင်း သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
    ယင်းသင်တန်းကျောင်းမှ သင်တန်းများပြီးဆုံးပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန် အပ်ချုပ် စက်များ အရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုများ ချီမြှင့်ပေးခြင်း၊ အထည်ချုပ်လုပ်သား အဖြစ် ဝင်ရောက်လုပ်ကိုင်လိုသည့် သင်တန်းသူများကိုလည်း ခေတ်မီမော်တာအထည်ချုပ်စက်များ ဖြင့် သင်တန်းသို့ တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမားအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးကာ အထည်ချုပ်စက်ရုံများ၌ အလုပ်ခန့်အပ် ခြင်းတို့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           

Post Paragraph