လွိုင်ကော် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့်ပြည်သူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ဒေသနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မင်းစု၊ ဒေါနိုးကူးနှင့်မြေနီကုန်းရပ်ကွက်များရှိ ပျက်စီးနေအိမ်အလုံး ၁၁၀ အတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ ဒုတိယဝန်ကြီးက နောင်ယား(က)၊ မင်္ဂလာနှင့် ဒေါတမရပ်ကွက်ရှိ ပျက်စီးနေအိမ် ၁၀၂ လုံးအတွက် ထောက်ပံ့ငွေများကို လည်းကောင်းပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ယင်းနောက် နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဈေးပိုင်း၊ နမ့်ဘော်ဝမ်(က)၊ နမ့်ဘော်ဝမ်(ခ)၊ ဒေါဥခူ၊ ရွှေတောင်၊ လောဓမ္မ၊ ထေးသမ၊ ဓမ္မာရုံ၊ နမ့်ကွတ်၊ နောင်ယား(ခ)၊ နာနတ်တော၊ မိုင်းလုံးနှင့် ရှမ်းစုရပ်ကွက်တို့ရှိ ပျက်စီးနေအိမ် ၃၈၈ လုံးအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး နေအိမ်ပျက်စီးခဲ့ရသော ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး ပြည်သူများက အခက်အခဲများ၊ ကူညီဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို တင်ပြကြရာ ဆောင်ရွက်ပေးမည့် အခြေအနေအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် အခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပြခန်းငယ်နှင့် ဆုရရှိသည့် ဆောင်းပါးနှင့် စာစီစာကုံးများကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။