မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ သက်ဆိုင်ရာဌာန အသီးသီးတွင် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ကြောက်ရွံ့ထိတ်လန့် မှုကြောင့်နေရပ်မှခေတ္တစွန့်ခွာလာသူများ မိမိနေရပ်သို့ အေးချမ်းလုံခြုံစွာ ပြန်နိုင်ရန် စီမံဆောင်ရွက်

စစ်တွေ အောက်တိုဘာ ၁၉

မောင်တောနှင့် ဘူးသီးတောင် ဒေသများတွင် တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ မိမိတို့သက်ဆိုင်ရာ ဌာနအသီးသီးတွင် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှု ကြောင့် နေရပ်မှခေတ္တစွန့်ခွာလာသူများ နေရပ်သို့ အေးချမ်းလုံခြုံစွာဖြင့် ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သော စီမံမှုများဆောင် ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက စစ်တွေမြို့ ပြည်နယ် အစိုးရဧည့်ရိပ်သာ အစည်းဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဘူးသီးတောင် ၊မောင်တော ဒေသများတွင် နိုင်ငံတာဝန် ထမ်းဆောင်နေ ကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် ကြောက်ရွံ့ထိတ်လန့်မှုကြောင့်နေရပ် မှခေတ္တစွန့်ခွာလာသူများ အေးချမ်းလုံခြုံစိတ်ချစွာဖြင့် မိမိနေရပ်သို့ ပြန်လည်နေ ထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အပြည့်အ၀ လုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးထားသည့် အခြေအနေများ၊ လတ်တလော စားနပ်ရိက္ခာ ပြေလည်စေရေးထောက်ပံ့ပေးမည့်အစီအစဉ်များ၊ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာသူများ ၎င်းတို့နေရပ် ပြန်လည်နေထိုင်ပြီးချိန်တွင် လုပ်ကိုင်စားသောက်နိုင်ရန် အတွက် ရေရှည်ကူညီပံ့ပိုးပေးမည့် အစီအစဉ်များ၊ ကြောက်ရွံ့ ထိတ်လန့်မှုကြောင့်နေရပ်မှ ခေတ္တစွန့်ခွာလာသူများ နေရပ်သို့ပြန်လည်ရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ယူစီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်ထောင်စုအစိုးရမှ ပံံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအမံများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

၎င်းပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတိုက်စေရေးနှင့် နယ်မြေဒေသ အေးချမ်း လုံခြုံရေး တို့အတွက် တိုင်းရင်းသားဒေသခံများ နေထိုင် သည့် ကျေးရွာချင်းဆက်လမ်းများအား ဘဏ္ဍာနှစ်အလိုက် စီမံချက်ချ လုပ်ကိုင်ဆောင်ရွက်ပေးရေး၊ အသေးစား ရေအားလျပ်စစ်စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးရေးနှင့် ရေရှည်သက်မွေးဝမ်းကြောင်းမှု ပညာရပ်များ ကျွမ်းကျင် တက်မြောက်စေရေး အတွက် သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ရေး စသည့် ရေတိုရေရှည် ဆောင်ရွက်သွားရ မည့် ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

Post Paragraph