နေပြည်တော်၊ အောက်တိုဘာလ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်း သား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ နည်းပညာဘွဲ့ (B.Tech)နှင့် A.G.T.I ဒီပလိုမာ သင်တန်းတို့၏ ဘွဲ့နှင်းသဘင် အခမ်းအနားအား ယနေ့နံနက် (၉) နာရီ အချိန်တွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်း ကျောင်းအုပ်ကြီး နှင့် ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဘွဲ့/ဒီပလိုမာရရှိသည့် သင်တန်းသားများ၊ သင်တန်းသားများ၏ မိဘများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်း သား များ အားလုံးရဲ့ လှုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒီဂရီကောလိပ်၊ မန္တလေးကို ၂၀၀၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ စစ်ကိုင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း၊ ယနေ့အထိ ဝိဇ္ဇာဘွဲ့ (၂၆၃) ဦး၊ သိပ္ပံဘွဲ့ (၅၁၆) ဦး၊ A.G.T.I ဒီပလိုမာ (၃၆၃) ဦးစုစုပေါင်း (၁၁၄၂) ဦး တို့အား ဝန်ကြီးဌာန (၁၅) ခုမှာ ဝန်ထမ်းကောင်းများအဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး တာဝန်များကို အသီးသီးထမ်းဆောင်လျက်ရှိကြပါ ကြောင်း၊ သင်တန်းဆင်းပြီးသူများထဲမှ မဟာဘွဲ့ (၁၀၇) ဦး၊ မဟာသုတေသနဘွဲ့ (၂၈) ဦး၊ B.E ဘွဲ့ (၈၃) ဦး၊ M.E ဘွဲ့ (၁၅) ဦး၊ Ph.D ဘွဲ့ (၁၅) ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့သလို တိုင်းရင်းသား မျိုးနွယ်စုပေါင်း (၆၂)မျိုး သင်တန်းဆင်းခဲ့ကြပြီးဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် ဝန်ကြီးဌာန အသီးသီးတွင် နိုင်ငံတော်၏တာဝန် အမျိုးမျိုးကို ထမ်းဆောင်နေကြပြီဖြစ်သည့် အတွက်မောင်တို့ကလည်း ကျောင်းတော်ကြီးနဲ့ နောင်တော်များရဲ့အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက်နှင့်အညီလေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှ Long Life Learning အနေနဲ့ ယခုထက်ပိုမိုမြင့်မားတဲ့ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ရင်း ဆက်လက်ဆည်းပူးကြိုးစားစေလိုကြောင်း၊ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို နိုင်ငံတော်အစိုးရ အဆက်ဆက် အားကြိုး မာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော် အကြီးအကဲတို့၏ လမ်းညွှန်မှုကိုခံယူကာ ဝေးလံခေါင်သီပြီး ဆက်သွယ်သွားလာရန် ခက်ခဲတဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်(၃၀)၊နှစ်ရှည် စီမံကိန်းကို မူဝါဒ (၄)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ လုပ်ငန်းစဉ် (၁၈)ရပ်တို့ဖြင့် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ သင်တန်းဆင်း မောင်တို့ကို ဘွဲ့ရပြီးသည်နှင့် အလုပ်တာဝန်တစ်ခါတည်း ခန့်အပ်ပေး သွားမည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ထမ်းဆောင်ရန် ဝန်ထမ်းဘဝသို့ ကူးပြောင်းတော့မှာ ဖြစ်တာကြောင့် ဝန်ထမ်းတစ်ယောက်၏ ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်း၊ တာဝန် ခံမှုရှိခြင်း စသည့်အခြေခံမူများအပေါ် တည်ဆောက်ထားပြီး လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်ချက် ခိုင်မာမှု ရှိသည့် ပြည်သူ့ဝန်ထမ်းဟူသည် ကောင်းမွန်သော ဒီမိုကရေစီ ကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ ဝန်ထမ်းများဖြစ်လာပါက ဝန်ထမ်းတစ်ဦးချင်း၏ ရပိုင်ခွင့်များကို သိရှိဖို့လိုသလို ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ လိုက်နာရမည့် ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာသွားဖို့လိုအပ်ကြောင်း၊ မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များကို လက်တွေ့ကျကျ အသုံး ချပြီး တိုင်းရင်းသားလူမျိုးများရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကိုပါ ပူးတွဲတာဝန် ထမ်းဆောင်ကြရမယ် ဆိုတာ နားလည်သိရှိ သဘောပေါက်ပြီး မိမိရောက်ရှိ တာဝန်ထမ်းဆောင် သည့် ဒေသခံအုပ်ချုပ် ရေးအဖွဲ့၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံဟာ သူတစ်ပါး လက်အောက် ကျရောက်ခဲ့စဉ်က နိုင်ငံ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရကြောင်း လွတ်လပ်ရေးရပြီးတော့လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရန်နှင့် နိုင်ငံတော်တိုးတက်ရန် တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် မရှိမဖြစ် အလွန်အရေးကြီးသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး NCA မှ တစ်ဆင့် တစ်နိုင်ငံလုံး ထာဝစဉ် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် “ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ (ပထမအကြိမ်) (ဒုတိယအကြိမ်) အစည်းအဝေး”များကို နေပြည်တော်မှာ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်တွေရဲ့ ဘဝတိုးတက်မြင့်မားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်တို့ ပညာ သင်ယူခဲ့တဲ့ ကာလအတွင်း နိုင်ငံတော်က ၁၀၀ ရာခိုင်နှုန်းပြည့်နီးပါးထောက်ပံ့ခဲ့ပါကြောင်း မောင်တို့ကို ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာ အရည်အချင်းတွေ ပြည့်ဝအောင် ခံယူရမဲ့ သဘောတရားတွေကိုလည်း သိရှိအောင် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ ကျေးဇူးကို သိရှိပြီး ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ မိမိတို့ တာဝန်ကျရာဒေသမှာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကို သိရှိလိုက်နာတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် တာဝန် ထမ်းဆောင် ရင်း တိုင်းရင်းသားလူငယ်တွေကိုလည်း ဥပဒေလေးစားလိုက်နာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် နိုင်သူများဖြစ်အောင် လက်တွဲခေါ်ဆောင် ပေးရန်နှင့် မိမိတို့ သင်ယူခဲ့ရတဲ့ ပညာတွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း တာဝန်များမှာ အားသွန်ခွန်စိုက်ပါဝင် ကူညီ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ တောင်ပေါ်မြေပြန့် အနှံ့အပြားမှာ သွားရောက် တာဝန် ထမ်းဆောင် ကြတော့မဲ့ မောင်တို့အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား မိဘပြည်သူများအကြား ထိရောက်သော ကြားခံ ပေါင်းကူးများအဖြစ် ပါဝင်ဆောင်ရွက်သွားကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေကို အခြေခံပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တက်ကြွစွာ ပါဝင် ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် သင်တန်းပြီးဆုံးလို့ မိမိတို့တာဝန်ကျရာ ဒေသ တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့အခါ ဌာနတာဝန်တွေအပြင် ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအကြား မှန်ကန်သော ခံယူချက်၊ ယုံကြည်ချက်တွေ ပြန့်ပွားလာအောင် ပြုစုပျိုးထောင်ပေးသွားရမှာ ဖြစ်ကြောင်း၊ “ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး” ဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးဟာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အမြဲမှန်ကန်ပြီး မရှိမဖြစ်အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသဖြင့် တိုင်းရင်းသားလူမျိုးတွေဆီမှာ မှန်ကန်သောပြည်ထောင်စုစိတ်ဓာတ်၊ အတွေးအခေါ်ခံယူချက်တွေ ဖြစ်လာ အောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အများကလေးစားရအောင် မိမိ၏ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတန်းဖိုထားရန် မလိုလားအပ်သော ငွေကြေး၊ မိန်းမ၊ အရက်သေစာ၊ မူးယစ်ဆေးဝါးလမ်းကြောင်းပေါ် မရောက်ရအောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းသွားကြဖို့ လိုအပ်မည် ဖြစ်ပါ ကြောင်း၊ ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အမြဲစောင့်သိ ရိုသေတဲ့ နိုင်ငံသားကောင်းများအဖြစ် ကြိုးစားသွားကြပါလို့ ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းအလိုက် ထူးချွန်ဆုရ ကျောင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)မှ ကျောင်းဆင်း ကျောင်းသားများဖြစ်သော B.Tech ဘွဲ့ရ ကျောင်းသား (၁၃၉)ဦး၊ A.G.T.I ဒီပလိုမာ(၇၃)ဦး၊ စုစုပေါင်း (၂၁၂) ဦးတို့အား ယခင်နှစ်များနည်းတူ ဝန်ကြီးဌာန (၁၀)ဌာနသို့ တာဝန်ပေးအလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ဆက်လက်ကျင်းပရာ တက်ရောက်လာသော ဝန်ကြီးဌာနကိုယ်စားလှယ်များက ပေးအပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကျောင်းသားကိုယ်စားလှယ် တစ်ဦးစီကလက်ခံရယူခဲ့ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသားများအား ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်း ရရှိသည်။