နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နယ်စပ်ဒေသ တိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော် ၊ ဒီဇင်ဘာ ၆
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်စပ်ဒေသ တိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့များဖြစ်ကြသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုမိန်းဒေသနှင့် နမ့်စန်မြို့နယ်တို့မှ ရှမ်း၊ ယင်းကြားနှင့် ယင်းနက် တိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်နှင့် ဗန်းမောက် မြို့နယ်တို့မှ ကဒူးနှင့် ကနန်းတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီးမြို့နယ်မှ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်းနှင့် သရက်ချောင်းမြို့နယ်တို့မှ ဆလုံနှင့် ထားဝယ် တိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ စုစုပေါင်း (၁၀၀) ဦးတို့အား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
    ယင်းအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်မှ ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များအား နှစ်စဉ်ခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးရသည့် အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါး ထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ဆင်းညီရင်းအစ်ကို မောင်ရင်းနှမ များပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးစိတ်ဓာတ်များ ရှင်သန်ပွားများ ခိုင်မာလာစေရန် ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် ဦးဆောင်သော အစိုးရလက်ထက်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က ဥက္ကဌအဖြစ် တာဝန်ယူ၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ်ပြီး ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ နိုင်ငံတော်အနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိစေရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို (၂) ကြိမ်တိုင် ကျင်းပခဲ့ပြီး မကြာမီကာလတွင် တတိယအကြိမ် ကျင်းပတော့မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူငယ်များ အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါး ပြဿနာနှင့် စိန်ခေါ်မှုများ၊ မိမိတို့ နိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး ကိုယ်တိုင်ပါဝင်ပတ်သက်မှု မရှိကြဖို့ လိုအပ်သလို မူးယစ်ဆေးဝါးပပျောက်ရေး အတွက် အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊  ယနေ့ခေတ်တွင် အတတ်ပညာနှင့် နည်းပညာများ စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့်အတွက် လူငယ်လူရွယ်များအနေဖြင့် အမြဲတမ်းလေ့လာဆည်းပူးနေကြရမှာ ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအညွန်းကိန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားလူငယ်များ၏ အသိပညာ၊ အတတ်ပညာ ပြည့်စုံမှု၊ ဘက်စုံဖွံ့ဖြိုးမှုတို့အပေါ်တွင် များစွာတည်မှီနေကြောင်း၊ လေ့လာရေးခရီးစဉ်မှ ရရှိသော အတွေ့အကြုံကောင်းများ ကို မိမိတို့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြန်လည်အသုံးချပြီး မြန်မာဆိုသည့်စိတ်ဓါတ်ကို မွေးမြူကာ ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓါတ်များ ရှင်သန်ခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
    ဆက်လက်၍ တိုင်းရင်းသား/တိုင်းရင်းသူ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့နယ်မှ ကနန်းတိုင်းရင်းသူ မခင်သန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
    ယင်းနောက် တိုင်းရင်းသား/တိုင်းရင်းသူ လေ့လာရေးအဖွဲ့ဝင်များက ၎င်းတို့၏ တိုင်းရင်း သားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်း ဧည့်ခံပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph