နတလလုပ်ငန်းကော်မတီအစီအစဉ်အရ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း

နေပြည်တော် ၊ ဇူလိုင် ၄              
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစီအစဉ်အရ သံလွင်အရှေ့ခြမ်းရှိ သံဃာတော်များအတွက် အကြိမ် (၂၀) မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက် (၉) နာရီအချိန်တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ရှိ ဝေဠု၀န်ပရိယတ္တိစာသင်တိုက် အတွင်းရှိ သာသနာ့ဟိတကာရီဓမ္မရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ဏ္ဏဓဇ အမှူးပြုသော သံလွင်အရှေ့ခြမ်း ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ် ဒေသများမှ ဆရာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ သာသနာရေးတာ၀န်ခံ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအခြေချ (တန့်ယန်း) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်အောင်ဆွေ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး၊ ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး  ဦးမြင့်သန်း၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
     အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်တို့က မက်မန်းမြို့ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
     ယင်းနောက် နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် (ကိုယ်စား) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
     ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်(ကိုယ်စား) နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ (ကိုယ်စား) သာသနာရေးတာ၀န်ခံ ဗမာတိုင်းရင်းသား ဝန်ကြီး ဒေါက်တာအောင်သန်းမောင်ကလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး (ကိုယ်စား) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်အောင်ဆွေကလည်းကောင်း ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပါသည်။
     ၄င်းနောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ သာဓုအနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
 ယနေ့အခမ်းအနားတွင် ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ်ဒေသများ၌ သီတင်းသုံးနေထိုင်ကြကုန်သော သံဃာတော် (၁၀၀၉)ပါး၊ ရှင်သာမဏေ (၅၁၂၈) ပါးတို့အတွက် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် သင်္ကန်းဒွိစုံ (၅၀၀) စုံ၊ ရှင်ကြီး၀တ်သင်္ကန်း (၁၂၅၀) စုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သင်္ကန်းဒွိစုံ (၅၀) စုံ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီးတို့မှ သင်္ကန်း (၅၀) စုံ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ သင်္ကန်းဒွိစုံ (၃၁) စုံတို့ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Post Paragraph