ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် နယ်စပ်ဒေသများမှ တိုင်းရင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး သင်တန်းဖြစ်သော ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၈-၂-၂၀၂၂ ရက်နေ့ နံနက် ဝ၈:၃ဝ နာရီအချိန်တွင် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့်ပွဲ မိန့်ခွန်း ပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထည်ချုပ် စက်ရုံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူအင်အား ၁၃၅ ဦးတို့ တက်ရောက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများမှ တိုင်းရင်းသူအမျိုးသမီးငယ်များအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။