နေပြည်တော်၊ ဇန်နဝါရီ (၂)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေတို့နှင့်အတူ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူတာအိုမြို့မှ တပ်မတော်ရဟတ် ယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော မြေသားလမ်း (၂၄) မိုင် (၄) ဖာလုံပေါ်တွင် ကျောက်ခင်းခြင်း လုပ်ငန်းများ၊ မိုးရာသီတွင်ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် တံတားတည်ဆောက်ရန် လျာထားသည့်အခြေအနေများ၊ လမ်းပျက်စီးမှု ကာကွယ်နိုင်ရန် Box Culvert တည်ဆောက်ရေး လုပ်ငန်းများအား အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မဂွေဇမှ လက်ရှိဆောင်ရွက်ပြီးစီးနေ သော မိုင်တိုင် (၃၀/၅) အထိ လမ်းဖောက်လုပ်နေမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် စမ်းသပ်မောင်းနှင် လိုက်လံကြည့်ရှုခဲ့ပြီး မိုင်တိုင် (၃၀/၅) တွင် လက်ရှိဆောင်ရွက်နေသည့် ဆန်းလုံချက်တောင်ကြောမှ အရှည် (၂) မိုင်ခန့်ရှိသော ကျောက်တောင်အား စစ်မြေပြင်အင်ဂျင်နီယာ စစ်သည်များဖြင့် ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ပူတာအိုဒေသသည် မိုးရွာသွန်းမှု များပြားသည့် ဒေသ၏ထူးခြားချက်အရ ပွင့်လင်းရာသီဖြစ်သော ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လမ်းစံချိန်စံညွှန်း ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ပါသည်။
မဂွေဇ-ခေါင်လန်ဖူးလမ်းသည် (၆၅) မိုင် (၄) ဖာလုံ အရှည်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှစတင်၍ အပိုင်း(၁) မဂွေဇ မှ ငါ့လုံဒမ်းအထိ (၂၅) မိုင် (၄) ဖာလုံ၊ အပိုင်း(၂) ငါ့လုံဒမ်းမှ ရီဒမ်းအထိ (၁၈) မိုင် (၄) ဖာလုံ၊ အပိုင်း(၃) ရီဒမ်းမှ ခေါင်လန်ဖူးအထိ (၂၁) မိုင်(၄) ဖာလုံကို ဘဏ္ဍာရေးနှစ်အလိုက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလက်တွဲ၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အခက်ခဲဆုံးအပိုင်းဖြစ်သည့် ပေ (၇၀၀၀) ကျော် မြင့်မားသော ဆန်းလုံချက်တောင်ထိပ် တောင်ကြောအား ကျောက်မိုင်းခွဲခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေတို့သည် ဒီဇင်ဘာလ (၃၁) ရက်နေ့ မွန်းလွဲပိုင်းတွင် ပူတာအိုခရိုင်၊ ခေါင်လန်ဖူး မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပါသည်။ ထို့နောက် ခေါင်လန်ဖူး မြို့နယ်ခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော နောင်မွန်မြို့နယ်၊ မဂွေဇမှ ခေါင်လန်ဖူးအထိ မော်တော်ကားလမ်း ဖောက်လုပ်နေမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များ ပြောကြားခဲ့ကြပြီး ဌာနဆိုင်ရာများနှင့် ဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေတို့က စားသောက်ဖွယ်ရာများနှင့် ခေါင်လန်ဖူးမြို့နယ်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများအား တာဝန် ရှိသူများထံ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့သည် နောင်မွန် မြို့သို့ ရောက်ရှိကြပြီး နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ခရီးစဉ်အတွင်း ပူတာအိုမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။