ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာလ  ၂၅   ရက်
    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ယနေ့နေ့လည် (၁၂)နာရီခွဲအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သည့် နယ်စပ်ဒေသများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက် လူ့အဖွဲ့အစည်းများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူနိုင်ရေးနှင့် ရခိုင်ပြည်နယ်၏ ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းရှိ စေတနာရှင်ပြည်သူလူထုများ၊ ပြည်ပနိုင်ငံများနှင့် ပြည်ပအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ကူညီ ထောက်ပံ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။