ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မောင်တောဒေသ အခြေခံအဆောက်အအုံများ ပြန်လည် ပြုပြင်တည်ဆောက်ရေးနှင့် နေရပ်တိမ်ရှောင်သူများ ပြန်လည်နေရာချထားပေးနိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှု

စစ်တွေ  စက်တင်ဘာ၁၂

     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့်အတူ မောင်တောဒေသ ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့် နေရပ်တိမ်းရှောင်သူများ ပြန်လည်နေရာချထားပေးနိုင်ရေး မြေပြင် ကွင်းဆင်းကြည့်ရှုနိုင်ရန် စစ်တွေမြို့မှ ဘူးသီးတောင် မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့သည်။

     ထို့သို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မောင်တောမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် တာဝန်ရှိသူများက လာရောက်ကြိုဆိုနှုတ်ဆက်ပြီး ARSA အစွန်းရောက် အကြမ်းဖက်များ တိုက်ခိုက် မှုကြောင့် ပျက်စီးသွားသောလမ်း၊ တံတားများနှင့် နယ်စပ်ပတ်လမ်း အခြေအနေများကို မြေပုံနှင့်တကွ တွေ့ဆုံရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့်အတူ ပျက်စီးနေသော ဘူးသီးတောင်- ငကျည်တောက်-ကထီးလှ - ပြင်ခေါင်လမ်းပိုင်းပေါ်ရှိ ပြုပြင်မွမ်းမံပေးရမည့်လမ်းပိုင်း၊ ပြုပြင်ဆောက်လုပ်ပေးရမည့် တံတားများ အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငကျည်တောက် အစ္စလာမ် ဘာသာကျေးရွာရှိ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသည့် အစ္စလာမ် ဘာသာဝင်များအား နယ်မြေတည်ငြိမ်ရေးအတွက် ငြိမ်းချမ်းစွာနေထိုင်ရေး တွေ့ဆုံဆွေးနွေး မှာကြားခဲ့သည်။ ထို့နောက် ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု တောင်ဘဇာ အထက်တန်းကျောင်း၌ ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်ရာမှ ပြန်လည်ရောက်ရှိလာသော ဒေသခံ ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးသည်။

     ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့်အတူ ညနေပိုင်းတွင် မောင်တော ဒေသမြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့သို့ရောက်ရှိကာ နတလကျေးရွာများတွင်နေထိုင်သော တိုင်းရင်းသားများအား သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် တောင်ပြိုလက်ဝဲမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကယ်ဆယ်ရေး စခန်း၌ ခေတ္တခိုလှုံရောက်ရှိနေသော ဒေသခံများအား တည်ငြိမ်အေးချမ်းလာပြီဖြစ်၍ မိမိနေရပ်၊ မိမိနေအိမ် များသို့ မိသားစုလိုက် စည်းစည်းလုံးလုံး ပြန်လည်သွားရောက်နေထိုင်နိုင်ရေး နှစ်သိမ့်အားပေးစကားပြောကြားကာ စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲမြို့ နယ်မြေအတွင်းရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တလျောက် ခြံစည်းရိုး၊ ခြံစည်းရိုးပတ်လမ်း အခြေအနေနှင့် ချဉ်းကပ်လမ်းတို့ကို အသေးစိတ်လိုက်လံ ကြည့်ရှုခဲ့သည်။