ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အီတလီနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI သည် ယနေ့ညနေ (၄) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာ၀န်ကြီးဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ ရခိုင်ပြည်နယ် မောင်တော ဒေသ၏ လက်ရှိတည်ငြိမ်အေးချမ်းမှုအား ဆက်လက်၍ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နယ်စပ်ဒေသများရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။