တွန်းဇံ နိုဝင်ဘာ ၁၂
ချင်းပြည်နယ် တွန်းဇံမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က ဗလငါးတန်ဖွံ့ဖြိုးရေး၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇမ်ဆွင်းလျန်းက လူငယ်နှင့် ပညာရေးခေါင်းစဉ်များကို ဟောပြောကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဟောပြောချက်များကို မေးမန်း၍ ပြန်လည်ဖြေကြားနိုင်သူကျောင်းသား ငါးဦးကို ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ဆုချပြီး ကျောင်းသားများအတွက် အာဟာရဖြည့်စွက်စရိတ် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ ကို ကျောင်းအုပ် ဆရာကြီး ဦးအောင်ဘူးထံ ပေးအပ်ကာ အမျိုးသမီးရေးရာအဖွဲ့များက ကျောင်းသားများအား အာဟာရဖြည့်မုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇိုဇွန်းပါလ်(ပြန်ဆက်)