
ပခုက္ကူ နိုဝင်ဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ် ပညာသင်တန်းများအပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း(ပခုက္ကူ)မှ အမျိုးသမီးငယ်သင်တန်းသူ(၃၃၈၅)ဦးကို သင်ကြားမွေးထုတ် ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာ သင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှစတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တိုင်ဆွဲတတ်၊ ချုပ်တတ် သောအဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများကို စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပေးလျက်ရှိသည်။ သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆု ရရှိသူများအား ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်စေရန် အပ်ချုပ်စက်တစ်လုံးစီ ဆုချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့် က ပြောကြားသည်။
အဆိုပါသင်တန်းကျောင်းကို ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ အထိ အခြေခံအိမ်တွင်းမှု သင်တန်းသူ ၁၉၅၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းသူ ၇၆၀ ဦး၊ ကြိမ်/ဝါးသင်တန်းသူ ၁ ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား/သူ ၃၇၅ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၂၉၅ ဦး စုစုပေါင်း သင်တန်းသူ ၃၃၈၅ ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။